ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ဘုန်းကြီးကျောင်းတွေမှာ မံစီမြို့နယ်၊ စီခမ်းကြီး အောက်ချောင်းတကြောက စစ်ဘေးရှောင်လာကြသူ ၁,၀၀၀ ကျော်ရှိလာပြီး မံစီမြို့နယ်က ခမရ ၃၁၉၊ ခလရ ၆၀၁ တပ်တို့က တပ်ပြင်ပမှာ နေထိုင်နေကြတဲ့ တပ်မိသားစုဝင်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ရှောင်နေသူတယောက်က “ရွာဘက်ကလူတွေတချို့က တောထဲပြေးနေရင်း အပြင် ပြန်မထွက်နိုင် ကြသေးဘူး။ တောထဲမှာလည်း တချို့ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ခဲ့တယ်လို့ သိရတယ်။ မံစီမြို့နယ်ဘက်က မံသာရွာရယ်၊ ဟန်ထက်မှာရော အဲမှာတိမ်းရှောင်နေကြတာ။ စီခမ်းကြီးက အိမ်တွေတော်တော်များများတော့ မီးလောင်ပျက်စီးသွားပြီ။ လူမူရေးအသင်းက ကားတွေကတော့ အဆက်အသွယ်တွေရတာနဲ့ သံတံတားဘက်ထိ ကားတွေနဲ့ကြိုပေးနေကြတယ်လို့သိရတယ်” လို့ ပြောပါတယ်။
စီခမ်းကြီးကို KIA၊ AA နဲ့ KPDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ် မံစီမြို့နယ်၊ နမ့်ဟန်ရွာကို တိုက်ပွဲမဖြစ်ဘဲ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် မီးလှုံနေကြတဲ့မိသားစုအပေါ်ပေါက်ကွဲပြီး မိသားစုလိုက် သေဆုံးခဲ့သလို အိမ်တလုံး ပျက်စီးပြီး ဘေးအိမ်တွေလည်း ထိခိုက်ခဲ့တယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။
စစ်ရှောင်နေကြသူအများစုဟာ မံစီမြို့နယ်က စီခမ်းကြီး၊ သံတံတား၊ ခါချဉ်၊ မွန်စင့်၊ မံသာနဲ့ စီကော် စတဲ့ ကျေးရွာတို့က ဖြစ်ပြီး သိမ်မဟာဘုရားဝင်းမှာ လူဦးရေ ၄၀၀ ကျော်၊ သုခဝတီကျောင်းမှာ ၂၀၀ ကျော်၊ ရွှေကျီးနားတံခွန်တိုင်ကျောင်းနဲ့ ဇေယျသုခကျောင်းမှာ ၁၀၀ ကျော်၊ ၃ မိုင်ရွှေပြည်သာရပ်က ရှမ်းရိုးရာသာသနာဝင်းမှာ လူဦးရေ ၁၀၀ ကျော်နဲ့ ရပ်ကွက်က အိမ်တွေမှာလည်း တည်းခိုနေထိုင်ကြတာကြောင့် စစ်ဘေးရှောင် အယောက် ၁,၀၀၀ ထက်မနည်းရှိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
မံစီမြို့နယ်၊ စီခမ်းကြီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော်သေဆုံး၊ အများအပြား ဒဏ်ရာရသလို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၆ ယောက်လောက်ကျဆုံး၊ ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် လေယာဉ်နဲ့တိုက်ခိုက်လို့ ဒေသခံ ၇ ယောက်လောက်သေဆုံး၊ ၅ ယောက် ဒဏ်ရာရပြီး ဗန်းမော်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေကြတယ်လို့ သိရပါတယ်။