စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နှစ်ဖက်ထိတွေ့ တိုက်ပွဲစဖြစ်တဲ့ပထမရက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ၉ ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတယောက်က “တိုက်ပွဲက ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ခင်း ၄ နာရီ ၁၅ လောက်က စတင်ပြီး မြို့ထဲမှာ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ကြတာဗျ။ ဒေသခံတွေကတော့ ၂၀၂၂ ခုနှစ် ဧပြီလလောက် ကတည်းက မြို့ထဲမှာ မနေကြတော့ဘူး။ တတ်နိုင်သူတွေကတော့ မန္တလေး၊ ကသာ၊ မြစ်ကြီးနားစတဲ့ မြို့ကြီးတွေဆီ ပြောင်းသွားကြတယ်။ လက်လုပ်လက်စားသမား အများစုကတော့ နီးစပ်ရာ ကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းတွေ၊ တောတောင်တွေထဲ နေကြရတယ်။ အခုတိုက်ပွဲလည်း မြို့အတွင်းထဲဖြစ်နေကြတာ။ နှစ်ဖက်ထိခိုက်တာတော့မသိရဘူး။ တိုက်ပွဲက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ဖြစ်နေကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ပင်လည်ဘူးမြို့ ရဲစခန်းနဲ့ ပြည်သူအိမ်တွေပါ်ကနေ ခုခံတိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ လေကြောင်းကနေ ဂျက်ဖိုက်တာအမျိုးစားလေယာဉ်နဲ့ ၉ ကြိမ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲကနေ ၁၀ နာရီအတွင်း ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီကျော်အချိန်မှာလည်း ဂျက်ဖိုက်တာ ၂ စီးတွဲနဲ့ ၃ ကြိမ် တိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံအများစုရဲ့ ပြောပြချက်အရ သိရပါတယ်။
ပင်လည်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တယောက်က “ကျနော်တို့ မြို့ထဲဝင် စတိုက်တိုက်ချင်း စစ်-တွေဘက်က နတလ လူငယ်သင်တန်းကျောင်း၊ မြို့တွင်း အထကကျောင်း၊ ပြည်သူနေအိမ်တွေပေါ်ကနေ နေရာယူပြီးပစ်ခတ်တာဗျ။ ၂၁ ရက်နေ့နဲ့ ၂၂ ရက် နေ့ရောညပါ တိုက်ပွဲဖြစ်ပြီး (-)တွေဘက်က အကျဆုံးများပြီး ရဲစခန်းအတွင်း ပြန်ဆုတ်သွားကြတယ်။ ၃ ရက်တာတိုက်ပွဲမှာ ကျနော်တို့ဘက်က ၅ ယောက်လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရဲဘော်တယောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်ဗျ။ စစ်-ဘက်က အထိအခိုက်က များတယ်လို့ပဲ ပြောရမယ်။ အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တွင်း အထကကျောင်းနောက်ဘက်နဲ့ အာစိဏ္ဏကံဓမ္မာရုံ အနီးအနားက ပြည်သူ့နေအိမ် ၁၀ လုံးလောက် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလတုန်းကလည်း အခုလို ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ၁၀ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ပင်လည်ဘူးမြို့အတွင်းက ပြည်သူ့နေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။