မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က မုပ္ပလင်လမ်းဆုံရဲဂိတ်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့သလို ပြည်သူ ၁ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် ပကဖအဖွဲ့ဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်သားအင်အား ၂၀ လောက်ရှိတဲ့ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ၄၀ မမ၊ ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းများနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံး၊ ၃ ယောက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး ဂိတ်နားမှာ ဈေးရောင်းနေတဲ့ ဈေးသည် ၁ ယောက်လည်း လညကုပ်မှာ ရှပ်ထိဒဏ်ရာ ရရှိခဲ့ပါတယ်။
ကျိုက်ထိုမြို့နယ် ပကဖရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “စခ၊ ရခ ၃ ယောက်က နေရာမှာပဲ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ဆေးရုံပို့တဲ့လမ်းမှာပဲ သေသွားတယ်။ စစ်ကောင်စီတပ်သား ၃ ယောက်လည်း ဒဏ်ရာအပြင်းအထန်ရတယ်။ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ပြည်သူတွေကို စခ၊ ရခ တွေနဲ့ နီးစပ်ရာမှာ မနေကြဖို့ တောင်းဆိုလိုပါတယ်” လို့ ပြောပါတယ်။
မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် နာရီဝက်လောက် လမ်းပိတ်ဆို့ခဲ့သလို စစ်ကောင်စီတပ်သားတွေက စစ်ဆေးတာတွေလည်း လုပ်ခဲ့တယ်လို့ ကျိုက်ထိုမြို့ခံ တယောက်က ပြောပါတယ်။
တိုက်ခိုက်မှုကို KNU/KNLA နဲ့အတူ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ Night Hawks နဲ့ ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလလည်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်နဲ့ စစ်တောင်းတံတားဂိတ်ကို KNU/KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့ပါတယ်။