Home
မြန်မာသတင်း
သတင်းထောက် ကိုဖိုးသီဟသတ်ဖြတ်ခံရမှု စုံစမ်းစစ်ဆေးရန် RSF တောင်းဆို
DVB
·
February 24, 2024
Khaing 1022024

ရခိုင်ပြည်နယ်က သတင်းထောက် ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးဖို့နဲ့ ဖမ်းဆီးထားတဲ့ သတင်းသမား ၆၂ ယောက် အမြန်ဆုံးလွတ်မြောက်ရေး ဖိအားပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ဒီလိုသတ်ဖြတ်မှုတွေကို ဖိအားပေးဟန့်တားဖို့နဲ့ သတင်းသမားတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး အတွက်လည်း တိုက်တွန်းထားပါတယ်။

ဒီဗွီဘီနဲ့ တခြားသတင်းဌာနတချို့မှာ လုပ်ကိုင်ခဲ့ဖူးတဲ့ သတင်းထောက်ဟောင်း ကိုမြတ်သူထွန်းဟာ ၂ဝ၂၂ စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရပြီး မြောက်ဦးမြို့နယ်က အကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

ဒီနောက် သူ့ရုပ်အလောင်းကို တခြားအကျဉ်းသားအလောင်းတချို့နဲ့အတူ မြောက်ဦးမြို့က ဗုံးခိုကျင်းတခုထဲမှာ တွေ့ရှိခဲ့တာလို့ ရက္ခိုင့်တပ်တော် (AA) ထုတ်ပြန်ချက်ကို ကိုးကားပြီး RSF က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ထဲမှာ ကိုမြတ်သူထွန်း (ခ) ဖိုးသီဟဟာ ၅ ယောက်မြောက် သတင်းထောက် ဖြစ်လာပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ ၂ဝ၂၃ ညွှန်းကိန်းအရ သတင်းလွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံ ၁၈၀ ထဲမှာ  မြန်မာနိုင်ငံဟာ ၁၇၃ အဆင့်ရှိနေပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013