ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ရှိ မူယာပင်ရပ်ကွက်၊ မြို့တော်ခန်းမအနီး တည်းခိုခန်းတွေမှာ ခရီးသွားဖို့ လာရောက်တည်းခိုနေတဲ့ ရခိုင်တိုင်းရင်းသားတွေ ဧည့်စာရင်း စစ်ခံရပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် ည ၁၀ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းဝင်စစ်ပြီး ရခိုင်တိုင်းရင်းသားမှတ်ပုံတင် ကိုင်ဆောင်သူတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
မြို့ခံ ကိုသန်းလှက “ဧည့်စာရင်းတွေဝင်စစ်တာ မြင်လိုက်ရပြီး တည်းခိုခန်းထဲက လူလတ်ပိုင်းတွေကို ဖမ်းသွားတာ၊ ကျနော်ပြန်ကြားရတာက ၁၆ ယောက်ပေါ့။ အဲ့ဒီ တည်းခိုခန်းအနီးကပဲ နောက်ထပ် ၃ ယောက်လည်း အဖမ်းခံလိုက်ရတယ်။ တညတည်း အဖမ်းခံရတာ ၂၀ ကျော်တယ်လို့ သိရတယ်။ အားလုံးက ရခိုင်တွေ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်မှ စစ်တွေကိုပြန်ကြမယ့် ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး စစ်ကောင်စီက ရခိုင်ပြည်နယ်ကို လေကြောင်းကနေ သွားလာကြတဲ့ ခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့အတွက် အဝေးပြေးယာဉ်တွေနဲ့ ခရီးဆက်ရာက ပြည်မြို့မှာ တည်းခိုနေချိန် ဖမ်းဆီးခံရတာလို့ သိရပါတယ်။
အခုဖမ်းဆီးခံရသူတွေက ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီး ရန်ကုန်-စစ်တွေ တိုက်ရိုက်ခရီးစဉ် ရပ်နားထားတဲ့အတွက် ရန်ကုန်မှပြည်၊ အဲဒီကတဆင့် ပြည်မြို့မှ စစ်တွေမြို့ကို ခရီးဆက်ဖို့ တည်းခိုနေချိန် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
တည်းခိုခန်းတွေမှာ တည်းခိုနေတဲ့ ရခိုင်တိုင်းရင်းသားတွေကိုသာ ဖမ်းဆီးခဲ့တာဖြစ်ပြီး တခြားသူတွေကိုတော့ ဖမ်းဆီးတာမရှိဘဲ ဖမ်းဆီးထားသူတွေကို အမှတ် ၁ ရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က စတင်ပြီး ပြည်မြို့ရှိ နဝဒေးတံတားအနီး ဖြတ်သန်းသွားလာမှုကို ပိတ်ပင်ထားပြီး ရခိုင်ပြည်နယ်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကိုလည်း စစ်ကောင်စီမက ရပ်နားခိုင်းထားတယ်လို့ ယာဉ်လိုင်းတာဝန်ခံတွေထံက သိရပါတယ်။