တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ထဲက မင်းဂုတ်ကျေးရွာမှာ သီတင်း ၂ ပတ်ကြာ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဘက်က ၁၄ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပကဖ ပြန်ကြာရေးတာဝန်ခံဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်ကစပြီး ၁၆ ရက်အထိ နေ့စဥ် ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ မင်းဂုတ်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းဘက်က ဒရုန်းနဲ့ သွားရောက် ဗုံးသီးချတိုက်ခိုက်တာတွေအပြင် စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းအနီး သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ကျွန်းစုပကဖ ပြန်ကြားရေးတာဝန်ခံတဦးက “အဓိကတော့ ဒရုန်းနဲ့တိုက်ခိုက်မှုမှာ အားသာတဲ့ ထိရောက်မှုရှိတယ်။ နောက်တခုက စနိုက်ပါနဲ့ ချောင်းပစ်တာမှာ တယောက်သေတယ်။ လက်နက်ငယ်မှာ သွားချောင်းပစ်တာတော့ ထိခိုက်ကျဆုံးမှုရှိတယ်။ စစ်သား ၆ ယောက်နဲ့ ပျူစောထီး ၆ ယောက် သေတယ်။ မြိတ်ရောက်မှ သေဆုံးတာတွေရှိတယ်။ နှစ်ဖက် အပြိုင်အဆိုင် ပစ်ခတ်တာထက် ကျနော်တို့က သွားချောင်းပစ်ပြီး ပြန်ဆုတ်တာများတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ၁၄ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းဘက်က ထိခိုက်သူ မရှိခဲ့ဘူးလို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးအလုံး ၂၀၀ ကျော်တဲ့အထိ တိုက်ပွဲအတွင်း အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့သလို တန်ပြန်ဒရုန်းတွေ၊ ရေတပ်စစ်လက်နက်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတဲ့ဘက်ကို အပြင်းအထန် တိုက်ခိုက်ခဲ့ကြကြောင်း သိရပါတယ်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း တာဝန်ခံတဦးက “စကစ အလောင်းတွေကို ညအချိန် သယ်ယူနေတာ လှေနဲ့ရော ကားနဲ့ရော မျက်မြင်သက်သေ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ဒဏ်ရာရတာ တယောက်မှမရှိပါဘူး” လို့ ပြောပါတယ်။
ရက်ရှည်တိုက်ပွဲကြောင့် မင်းဂုတ်ကျေးရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်တွေက ရွာထဲရှိ လူနေအိမ်တံခါးတွေကို ကန်ကျောက်ဖွင့်ကာ ပြည်သူပိုင်ပစ္စည်းတွေကို မတရားသိမ်းဆည်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
မင်းဂုတ်ရွာတိုက်ပွဲမှာ မြိတ်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၂၊ တနင်္သာရီပကဖ၊ ကျွန်းစုပကဖ၊ ပုလောပကဖနဲ့ Dragon squad ဒရုန်းတပ်ဖွဲ့၊ တိုင်းလုံခြုံရေးပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေ ဖြစ်လာနိုင်သေးတာကြောင့် ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေး ထုတ်ပြန်ထားချက်တွေကို အမြဲမပြတ် စောင့်ကြည့်ပေးကြဖို့ သတိပေးထားပါတယ်။