စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ထိုးစစ်ကို ဖေဖော်ဝါရီ ၂၀ ရက်ကနေ ပြန်လည်စတင်နေပြီးတော့ ထီးချိုင့်မြို့တွင်းနဲ့ ဧရာဝတီမြစ်အရှေ့ခြမ်း မြတောင်ဘက်မှာ တိုက်ပွဲပြန်လည် ဖြစ်ပွားနေတယ်လို့ ထီးချိုင့်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။
ထီးချိုင့် PDF တဦးက “ရှေ့ဘက်ကမ်းကော၊ မြို့ထဲကော ပြန်ဖြစ်နေတယ်၊ အခုပြန်စတယ်ဆိုလို့ အရင်ရက်တွေ တိုက်ပွဲမရှိတာတော့ မဟုတ်ဘူး။ မြို့သိမ်းတိုက်ပွဲစကတည်းကတော့ တိုက်ပွဲကနေ့စဉ်လို ကြိုကြားဖြစ်နေတယ်၊ အခုက ထိုးစစ်ပြန်စတယ်” လို့ ပြောပါတယ်။
ထိုးစစ်ပြန်စပြီးနောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က နေရာရှေ့တိုးပြီး ထိန်းချုပ်ထားသလို စစ်ကောင်စီဘက်ကလည်း ပြန်လည်ခုခံနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်ခဲ့ပေမဲ့ အခုရက်ပိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှု မရှိသေးဘူးလို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “အခုတခေါက်က လေကြောင်းတိုက်ခိုက်မှုတော့ မလာသေးဘူး။ အရင်ကဆို လေယာဉ်က နေ့တိုင်းပဲ အခုထိတော့လေယာဉ်မလာသေးဘူး။ လက်နက်ကြီးတွေများတယ်၊ မြတောင်ခြမ်းဘက်ကနေ ၁၂၀ နဲ့ ပစ်ကူပေးနေတယ်” လို့ပြောပါတယ်။
မနေ့က မြတောင်ဘက်ခြမ်းမှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေနတ် ၃ လက်နဲ့ အလောင်း ၃ လောင်းကို သိမ်းပိုက်ရရှိခဲ့သလို စစ်ကောင်စီဘက်က တပ်သားနှစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ထီးချိုင့်မြို့နယ် PDF က ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း မြတောင်ခြမ်းနဲ့ ထီးချိုင့်မြို့တွင်းမှာ စစ်ကောင်စီဘက်က အင်အား ၆၀၀ ဝန်းကျင်နဲ့ ခံစစ်ပြုလုပ်ပြီး ခုခံနေသလို ထီးချိုင့်နဲ့မြတောင်ကို Y-12 လို့ယူဆရတဲ့ လေယာဉ်တွေနဲ့ လူ၊ လက်နက် ခဲယမ်းတွေကို လေကြောင်းကနေ ထောက်ပို့ပေးနေတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့ကို စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မြို့တဝက်ဆီ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။