စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေကြောင့် မြို့ခံအမျိုးသား တယောက်နဲ့ အမျိုးသမီး နှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် မနက်က တာဟန်းရပ်ကွက်က ဒေသခံအမျိုးသားတယောက် အိမ်ရှေ့မှာ နေပူဆာလှုံနေစဉ် စစ်ကောင်စီက ပစ်သတ်ခဲ့ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်မှာတော့ မွန်းလိုင်ရပ်ကွက်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အမျိုးသမီး နှစ်ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေကတော့ အသက် ၄၇ နှစ်အရွယ် ဦးထွန်ခန်းမုန်၊ အသက် ၄၈ နှစ်အရွယ် ဒေါ်ကျင်ခေါမ်ဝုန်နဲ့ အသက် ၂၉ နှစ်အရွယ် ဒေါ်ကျင်ခေါ်လ်ကိမ်းတို့ ဖြစ်ပါတယ်။
သေဆုံးတဲ့သူတွေဟာ ကျောပြင်၊ ရင်ဘတ်၊ ဦးခေါင်း စတဲ့နေရာတွေမှာ ဒဏ်ရာအသီးသီး ရခဲ့ကြပြီး ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ကလေးမြို့ခံတဦးက ပြောပါတယ်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးသလို ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး ကလေးမြို့ပေါ်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေကာ စစ်ကောင်စီက မြို့တွင်းနဲ့ မြို့အနီးတဝိုက် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ သေနတ်ပစ်ခတ်မှုတွေကြောင့် ကလေးမြို့ အနောက်ပိုင်းရပ်ကွက်တွေက ဒေသခံတွေဟာ ထိတ်လန့်နေကြပြီး အိမ်ထဲမှာ ပုန်းခိုနေကြရတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် ည ၇ နာရီဝန်းကျင်ကလည်း မွန်းလိုင်ရပ်ကွက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသမီး သုံးယောက် ထိခိုက်သေဆုံးခဲ့တဲ့အတွက် စစ်ကောင်စီကြောင့် သေဆုံးသူ ခြောက်ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။