မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုများလာသလို အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ဥပဒေအရ တရားရင်ဆိုင်ရာမှာ ကြန့်ကြာပြီး အကာအကွယ်ပေးမှု နည်းပါးတယ်လို့ တရားရင်ဆိုင်နေရသူတွေဆီက သိရပါတယ်။
အာဏာသိမ်းကတည်းက တရားစီရင်ရေးစနစ်ဟာ ယိုယွင်းပျက်စီးသွားပြီး တရားရုံးတွေမှာ နိုင်ငံရေးအမှုတွေကိုသာ ဦးစားပေးဆောင်ရွက်ပြီး မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ဆေးတာနဲ့ စီရင်ချက်ချတဲ့နေရာ ကြန့်ကြာနေပါတယ်။
တောင်ဒဂုံမြို့ခံတဦးက “၁၀၅ ရပ်ကွက်မှာ ၁၁ နှစ်ကျော် ကလေးမလေးကို မုဒိမ်းကျင့်ပြီး ရေမြောင်းထဲ နှစ်သတ်ထားတာ၊ စစ်တပ်က တရားခံကိုဖမ်းပြီး မိဘတွေ သွားအမှုဖွင့်တာတောင် စစ်တပ်က စစ်ခုံရုံးပို့လိုက်ပြီ၊ နောက်မှလာခဲ့ဆိုပြီး ပြောတာ၊ လိုင်းပေါ်မှာပျံ့သွားပြီးမှ အမှုဖွင့်တာ”လို့ ပြောပါတယ်။
တောင်ဒဂုံမြို့နယ် ၁၀၅ ရပ်ကွက်မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက် ညနေလေးနာရီက ချမ်းမြသာစည်လမ်းမှာ နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ်တဦး နေအိမ်ကနေ အကြော်သွားဝယ်ရင်း မုဒိမ်းကျင့် သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။
နိုင်ငံရေးအရ စစ်အာဏာရှင်စနစ်ကို တော်လှန်သူများသာ အပြစ်ပေး အရေးယူလေ့ရှိတဲ့ စစ်ကောင်စီဟာ လူသတ်မှု၊ လုယက်မှုနဲ့ မုဒိမ်းမှုတွေကို လျစ်လျူရှုထားတာကြောင့် အမျိုးသမီးတွေရဲ့ဘဝဟာ စုပ်လည်းစူး၊ စားလည်းရူးဘဝကို ရောက်ကာ မုဒိမ်းကျင့်ခံရတာတောင် ထုတ်ဖော်မပြောဆိုရဲတဲ့ဘဝကို ရောက်နေရတယ်လို့ လှည်းကူးမြို့နေ အမျိုးသမီးတဦးက ပြောပါတယ်။
“ညီမဝမ်းကွဲတယောက်ဆို ခရိုင်ရုံးမှာ အမှုရင်ဆိုင်နေတာ ၂ နှစ်ကျော်ပြီ။ အမှုစစ်ရဲက လာတော့ သက်သေကမလာဘူး၊ သက်သေထွက်ဆိုမယ့်သူလာတော့ အုပ်ချုပ်ရေးကမလာဘူး၊ အုပ်ချုပ်ရေးရော ရဲရော သက်သေရော တရားလိုရော လာတော့ ရှေ့နေကမလာဘူး၊ အမှုစစ်တဲ့နေ့ နိုင်ငံရေးအမှုရှိရင် ရုံးချိန်းပြန်ပေးရော၊ ဒီလိုနဲ့ လုံးလည်ချာလည်လိုက်နေတာ” လို့ ရှင်းပြပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ပါက ကျူးလွန်ခံရတဲ့ အမျိုးသမီးတဦးအနေနဲ့ ပြစ်မှုကျူးလွန်သူကို အမှုဖွင့်တိုင်ကြားဖို့ ကူညီဖေးဖမှုနဲ့ အားပေးမှုတွေ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
“ကိုယ်နေတဲ့နေရာက စရိုက်ကျတယ်၊ ကျပန်းများတယ်၊ တိုင်ကြည့်လိုက်၊ အဖမ်းခံရလို့ ပြန်ထွက်လာရင် သတ်မယ်၊ အဲ့ဒီအထိ ခြိမ်းခြောက်တယ်။ အဲ့ဒီအချိန်မှာ ရဲစခန်းက ရဲတွေက တရားခံနဲ့ အလိုတူအလိုပါ ဖြစ်နေတယ်။ တရားခံက ချုပ်ရက်ကြာပြီး လျှော့ရက်ရအောင် တရားရုံးမှာ အချိန်ဆွဲတယ်။ ဒါကို တရားရုံးက ဖိဖိစီးစီးမလုပ်ဘူး” လို့ ပြောပါတယ်။
အမျိုးသမီးများအနေနဲ့ အဓမ္မပြုကျင့်ခံရပါက ရဲစခန်းကို ကနဦး တိုင်ကြားအမှုဖွင့်ရာမှာ ရဲတွေက မလိုအပ်တဲ့ မေးခွန်းတွေအပြင် ပြစ်မှုကျူးလွန်သူကို အကာအကွယ်ပေးတဲ့သဘော သက်ရောက်တဲ့ မေးခွန်တွေမေးပြီး အမှုဖွင့်ပါက လိုက်လံဖမ်းဆီးဖို့ လုံခြုံရေး တောင်းခံတာမျိုးတွေလည်း ရှိတယ်လို့ အမှုဖွင့်ခဲ့သူ ရွှေပေါက်ကံမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရလို့ ရဲစခန်းတိုင်တယ်၊ ရဲက တရားခံ လိုက်ဖမ်းပေးမယ်၊ သူတခုခုဖြစ်ရင် တာဝန်ယူမှာလားလို့ ပြန်မေးတယ်။ ကိုယ်လည်း ဘာပြောရမှန်းမသိဘူး ဖြစ်သွားတယ်။ ရဲဆိုတာ ပြည်သူကို ကူညီရမှာမဟုတ်ဘူးလား။ ဒါပေမဲ့ ကျမမေ့သွားတာက ကျမတို့နိုင်ငံ အာဏာသိမ်းထားတယ်ဆိုတာပဲ” လို့ ရှင်းပြပါတယ်။
မုဒိမ်းမှုတွေကို တရားရုံးက စစ်ဆေးတဲ့အခါမှာ ရဲလုပ်ငန်းစဥ်များ နှောင့်နှေးမှု၊ စစ်ကောင်စီက နိုင်ငံရေးပြစ်မှုများကို ဦးစားပေး စစ်ဆေးနေတာကြောင့် အမိန့်စီရင်ချက်ချဖို့ ကြန့်ကြာရတာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။
“တရားရုံးမှာ ဦးစားပေးပြီးစစ်တာ ပုဒ်မ ၅၀၅(က)၊ ၆၆(ဃ)၊ ပုဒ်မ ၅၂(က) အဲ့လိုအမှုတွေက များတယ်။ မုဒိမ်းမှုတို့ လူသတ်မှုတို့ဆို ကြာတယ်။ အရေးမကြီးတဲ့အမှုလိုပဲ ရဲတွေကလည်း အမှုကိုကြာအောင် သက်သေမလာရင် ဆင့်ခေါ်စာသွားမပေးဘူး၊ အမှုဆွဲဆန့်ထားတယ်။ ကြာတော့ တရားလိုလည်း ငွေကုန်သံပြာဖြစ်တာပဲ။”
အဓမ္မပြုကျင့်မှုဟာ ရဲအရေးပိုင်တဲ့အမှုတခုဖြစ်ပြီး အရွယ်ရောက်ပြီးသူဖြစ်ပါက မြို့နယ်တရားရုံးကို တင်ပို့ တရားစွဲဆိုနိုင်ပြီး သက်ငယ်မုဒိမ်းမှုဖြစ်ပါက ခရိုင်တရားရုံးကို တင်ပို့တရားစွဲဆိုရတာ ဖြစ်တယ်လို့ အငြိမ်းစားရဲမှူးတဦးက ပြောပါတယ်။
“မုဒိမ်းမှုကို စခန်းမှာစစ်ရင် ရဲစခန်းမှာ အကြီးဆုံးဖြစ်တဲ့ စခန်းမှူးက စစ်ရတာ။ အခုနောက်ပိုင်း အမျိုးသမီးရဲအရာရှိတွေ စစ်ကြတယ်။ မြို့နယ်တရားရုံးက ၇ နှစ်အထိပဲ ချလို့ရတယ်။ ခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ အထိချတာ။ အာဏာသိမ်းတာ မသိမ်းတာနဲ့ မဆိုင်ဘူး၊ ရဲအလုပ်က ဥပဒေအရ ပြည်သူကို ကာကွယ်ပေးဖို့ပဲ။”
လက်ရှိ နိုင်ငံရေးအခြေအနေအရ စစ်တပ်နဲ့တွဲဖက်ကာ ရဲတပ်ဖွဲ့မှာ အလုပ်လုပ်နေရပြီး စခန်းပြင်ပနဲ့ ရပ်ကွက်ထဲကို အကြောင်းမဲ့ သွားရောက်ခွင့်မရှိတာကြောင့် တရားလိုက စခန်းမှာ အမှုဖွင့်လှစ်ပြီး သွားရောက်ဖမ်းဆီးရတာမျိုး ဖြစ်တယ်လို့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။
“လူတွေကလည်းပြောတာပဲ၊ အခုကာလမှာ တချို့က စခန်းကို လာမတိုင်ဘူး၊ ဖုန်းနဲ့လှမ်းတိုင်တယ်၊ ရပ်ကွက်ထဲအထိ လာဖမ်းပေးဖို့၊ ရပ်ကွက်ထဲကို အရင်ကလို ရမ်းသန်းပြီး သွားလို့ ပစ်ခတ်ခံရလို့ သေရင် ဘယ်သူမှ တာဝန်ယူမှာမဟုတ်ဘူး။ ရန်ကုန်မှာ ရပ်ကွက်ထဲ ပစ်ခတ်ခံရလို့ သေတဲ့ရဲ ၂၀ ကျော်ရှိတယ်” လို့ သူ့ရဲ့အခက်အခဲကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၁ ရက်မှာ လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် အမှုတွေကို ထိခိုက်နစ်နာသူက အမှုပိတ်သိမ်းခြင်း မပြုသင့်ကြောင်း၊ မတင်ပါက အမှုပိတ်သိမ်းပြီး တရားခံကို လွှတ်ပေးဖို့ ထုတ်ပြန်ကြေညာခဲ့လို့ ပြစ်မှုကျူးလွန်သူတချို့ လွတ်ခဲ့တယ်လို့ မြောက်ဥက္ကလာတရားရုံးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အာဏာသိမ်းတော့ မင်းရာဇာ ပြန်လွတ်လာတာ စစ်တပ်ရဲ့ထုတ်ပြန်ချက်ကြောင့်၊ ကာယကံရှင် မိသားစုဝင်တွေက တရားရုံး ဦးတိုက်လျှောက်မှ ပြန်ဖမ်းထည့်တာ။ ဒါက နာမည်ကြီး မင်းသားမို့လို့၊ မဟုတ်ရင် မသိဘူး။ အဲ့လိုနဲ့ လွတ်သွားတဲ့သူတွေ များတယ်။”
၂၀၂၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သရုပ်ဆောင် မင်းရာဇာ အမှုမှာ ၂၀၂၃ ဧပြီ ၂၀ ရက်မှာ သဃ်န်းကျွန်းခရိုင် တရားရုံးကနေ ကလေးသူငယ်အပေါ် ပြုကျင့်တဲ့ မုဒိမ်းမှု ပုဒ်မ ၃၇၆(၁) နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။
မုဒိမ်းမှု အများဆုံးဖြစ်တဲ့ နေရာတွေမှာ ကျူးကျော်ရပ်ကွက်၊ အဆောင်လိုင်းခန်းနဲ့ အခြေခံလူတန်းစား အများဆုံးနေထိုင်ရာမှာ အဖြစ်များတယ်လို့ ပြည်တွင်း အမျိုးသမီးအရေး လှုပ်ရှားသူတဦးက ပြောပါတယ်။
“မိဘတွေက အလုပ်သွားနေတယ်၊ ကလေးကို အိမ်မှာထားခဲ့တယ်၊ ဘေးပတ်ဝန်းကျင် မကောင်းတော့ ကလေးအစော်ကားခံရတာပဲ။ တချို့က အရွယ်တော့ရောက်တယ်၊ ဉာဏ်ရည်မမီဘူး၊ အဲ့လိုသူတွေလည်း အစော်ကားခံရတာပဲ။ ဒီကာလမှာ နှစ်သိမ့်ပညာပေးတာတွေ မလုပ်နိုင်ဘူး။ ပြည်တွင်းအဖွဲ့အစည်းက လုပ်မယ်ဆိုတော့ လူစုရင်ပဲ အုပ်ချုပ်ရေးနဲ့ စကားပြောရတယ်။ အာ့ကြောင့် အဖွဲ့အစည်းတွေက သိပ်မလုပ်ကြတော့ဘူး။”
စစ်တပ်အာဏာသိမ်းပြီးနောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့ဝင်၊ အကျဉ်းထောင်ဝန်ထမ်း၊ ပျူစောထီး၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သာမန်အရပ်သားတွေအပြင် ပဋိပက္ခနယ်မြေအတွင်းက လက်နက်ကိုင်တွေ ပါဝင်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ တရားရုံး နှစ်စဉ်အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မုဒိမ်းမှု ၂,၇၈၂ မှု ဖြစ်ခဲ့ရာ အရွယ်ရောက်ပြီးသူ မုဒိမ်းမှု ၁,၁၆၂ မှုရှိပြီး အရွယ်မရောက်သေးသူ မုဒိမ်းမှု ၁,၆၂၀ မှု ရှိတယ်လို့ တရားရေးဝန်ကြီးရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“နှစ်စဥ်စာရင်းတွေကတော့ တက်လာတာပဲ။ အဲ့ဒီအမှုတွေက အမိန့်ချပြီးတာတွေရော စစ်ဆေးနေတာရော ရှိတယ်။ အမိန့်မချရသေးတာများတယ်။ အခုထုတ်ပြန်တဲ့ မုဒိမ်းမှုတွေက ပဋိပက္ခဖြစ်နေတဲ့ နေရာတွေ မပါဘူး။”
စစ်အာဏာရှင်လက်ထက် ၂ဝ၂၁ ခုမှာလည်း ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ မုဒိမ်းမှု ၉၆၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အရွယ်ရောက်ပြီးသူ အဓမ္မပြုကျင့်ခံရမှု ၂၉၇ မှုနဲ့ ၆၇၂ မှုမှာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ မုဒိမ်းမှု ၈၆၀ ကြိမ်ဖြစ်ခဲ့ရာ အရွယ်ရောက်ပြီးသူ မုဒိမ်းပြုကျင့်ခံရမှု ၂၃၃ မှုရှိပြီး သက်ငယ်မုဒိမ်းမှု ၆၂၇ မှု ရှိပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ပြည်နယ်နဲ့ တိုင်းဒေသ အသီးသီးမှာ မုဒိမ်းမှု ၉၅၃ ကြိမ်ဖြစ်ခဲ့ရာ အရွယ်ရောက်ပြီးသူ အဓမ္မပြုကျင့်ခံရမှု ၆၃၂ ကြိမ်ရှိပြီး သက်ငယ်မုဒိမ်းမှု ၃၂၁ မှုရှိတယ်လို့ သိရပါတယ်။
တိုင်းပြည်မငြိမ်မသက်ဖြစ်ချိန် တရားဥပဒေစိုးမိုးရေးဟာ ပြည်သူတွေအတွက် အားကိုးအားထား မရှိတာကြောင့် အုပ်ချုပ်ရေးနဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ မုဒိမ်းကျင့်ခံရရင်တောင် သက်သေလိုက်ပေးမယ့်သူ မရှိဘူးဖြစ်နေတယ်လို့ ပြည်တွင်းအမျိုးသမီးအရေး လှုပ်ရှားသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မုဒိမ်းမှုတွေ သက်သေလိုက်မယ်၊ ဦးဆောင်ပြီး ကူညီပေးမယ် ဆိုရင်တောင် ပြစ်မှုကျူးလွန်တဲ့ဘက်က ပေးမယ့် အန္တရယ်ရော ရဲကပေးမယ့် ဒုက္ခရော ခံရမှာစိုးလို့ အမှန်တရားကို သိရင်တောင် သက်သေမလိုက်ရဲကြဘူး။ ထောင်ကထွက်လာရင် သတ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့သူက ရှိသေး။”
စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေရတဲ့ ပြည်သူတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူတွေရဲ့ အန္တရာယ်ကိုပါ ရှောင်ရှားရင်း တကယ်ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့ ကူရာကယ်ရာမဲ့နေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မြင့်မြတ်သူ