“မဆုတ်တမ်း မရပ်တမ်း”လို့အမည်ပေးထားတဲ့ မြန်မာ ရုပ်ရှင်ပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်နေပါတယ်။
ဒီရုပ်ရှင်ပြပွဲကို ဖေဖော်ဝါရီ ၂၂ ကနေ ၂၄ ရက်အထိ ချင်းမိုင်မြို့က Rx Cafe မှာ ဝင်ကြေးအခမဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ စျေးပွဲတော်၊ တေးဂီတအစီအစဉ်နဲ့ အနုပညာပြပွဲတွေလည်း ပြုလုပ်ဖို့ရှိနေတယ်လို့ ပွဲစီစဉ်တဲ့ Newburma က မနှင်းက ပြောပါတယ်။
“ရုပ်ရှင်ဇာတ်ကားဆိုပေမဲ့ ဇာတ်လမ်းတိုတွေပါတယ်။ ရုပ်သံမှတ်တမ်းတွေပါမယ်။ ဒါပေမဲ့ ရွေးချယ်ထားတဲ့ Film တွေဟာဆိုရင် အာဏာသိမ်းမှု မတိုင်ခင်တုန်းကရိုက်ထားတဲ့ Film တွေကို အဓိကထားပြီး ပြသွားတယ်ပေါ့နော်။”
ဒါ့အပြင် စားသောက်စရာနဲ့ လက်မှုပစ္စည်းဆိုင်တွေလည်း ဖွင့်လှစ်ရောင်းချပေးမှာဖြစ်ပြီး မြန်မာနဲ့ ထိုင်းက ဂီတအဖွဲ့ ၈ ဖွဲ့က ပါဝင်ဖျော်ဖြေမှာလို့ သိရပါတယ်။
သုံးရက်တာကာလအတွင်း ရုပ်ရှင်တွေ၊ ပြပွဲတွေ၊ ဂီတတွေနဲ့အတူ မြန်မာအစားအသောက်တွေကနေ တဆင့် “အိမ်” ကို ပြန်လည်တမ်းတလွမ်းဆွတ်နိုင်ဖို့ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။
စိုးသူအောင်