ပဲခူးမြို့မှာ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး မြို့အတွင်းက လမ်းမကြီးတွေမှာ မော်တော်ဆိုင်ကယ် မောင်းနှင်သူတွေကို ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဆိုပြီး သတ်မှတ်ထားတဲ့ လက်ယာဘက် မျဉ်းဝါအတွင်းကနေ မောင်းနှင်ဖို့ ယာဉ်ထိန်းရဲတွေက လိုက်လံသတိပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုလို သတိပေးမှုတွေကို အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ အမှတ် ၁၁ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က ပဲခူးမြို့တွင်းက လမ်းမကြီးတွေပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သတ်မှတ်မျဉ်းဝါအတွင်းက မောင်းနှင်ခြင်းမရှိတဲ့သူတွေကို ဒဏ်ကြေးဆောင်ခိုင်းတာမျိုး မရှိသေးပေမဲ့ နောက်ပိုင်းကျ ဖမ်းဆီးဒဏ်ရိုက်တာမျိုး ဖြစ်လာနိုင်တယ်လို့ မြို့ခံတချို့က သုံးသပ်နေကြပါတယ်။
ပဲခူးမြို့လို ဆိုင်ကယ်အစီးရေ များစွာသွားလာနေတဲ့မြို့မှာ ဆိုင်ကယ်သွားလမ်းအတွက် ၄ ပေလောက်ပဲ ပေးတာဟာ သွားလာရ ပိုခက်သွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ယာဉ်ထိန်းတွေ ဒဏ်ကြေးကောက်လို့ကောင်းအောင် လုပ်ထားတာပါ။ အဲ့မျဉ်းဝါအထဲမှာ မမောင်းရင် ဖမ်းတာမျိုး ဖြစ်လာဦးမယ်ထင်တယ်။ မြို့ထဲလို ဆိုင်ကယ်ရှုပ်တဲ့နေရာမှာ အဲ့မျဉ်းထဲကနေ ဘယ်လိုမောင်းမလဲ။”
ဒါ့အပြင် သတ်မှတ်ထားတဲ့ မျဉ်းဝါအတွင်းမှာ စည်းကမ်းမဲ့ရပ်ထားတဲ့ လိုင်းကားနဲ့ သုံးဘီးဆိုင်ကယ်တွေကိုတော့ ယာဉ်ထိန်းရဲတွေက အရေးယူတာ မရှိဘူးလို့ သိရပါတယ်။
ကျောက်ကြီးစုရပ်ကွက်မှာ နေထိုင်သူတဦးက “မျဉ်းဝါထဲမှာ လိုင်းကားကလည်း ရပ်ပြီး လူခေါ်တာပဲ၊ သုံးဘီးဆိုင်ကယ်တွေလည်း ပိတ်ရပ်ထားတာပဲ၊ အဲ့ဒါကျ ဖမ်းမယ့်သူက မရှိဘူး” လို့ ပြောပါတယ်။
မော်တော်ဆိုင်ကယ်တွေကို သတ်မှတ်ထားတဲ့ လက်ယာဘက် မျဉ်းဝါအတွင်းကနေပဲ မောင်းနှင်ခိုင်းမယ်ဆိုရင် မြို့တွင်းလမ်းတွေကို အရင်ပြင်ပြီးမှ စည်းကမ်းသတ်မှတ်သင့်တယ်လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။
“မျဉ်းဝါထဲက မောင်းရမယ်ဆို လမ်းတွေ ညီမှရမယ်။ အခုက ယာဉ်ဝင်းဟောင်းဘက်ကနေ ရွှေနံသာလောက်ထိ မျဉ်းဝါအတွင်းက လမ်းတွေက စုတ်ပြတ်နေတာ၊ လမ်းပေါ်တက်မောင်းမှ ရတယ်။”
ပဲခူးမြို့ခံအများစုကတော့ မျဉ်းဝါအတွင်းမှာ ညအိပ်ရပ်နားထားတဲ့ ကားတွေနဲ့ အချက်ပြမီး မပြဘဲ လမ်းဘေးကို ရုတ်တရက်ဆင်းရပ်တဲ့ လိုင်းကားတွေကို ထိထိရောက်ရောက် အရေးယူတာမျိုး ပြုလုပ်ပြီးမှ ဆိုင်ကယ်တွေကို သတ်မှတ်မျဉ်းဝါအတွင်းမှာ မောင်းနှင်ဖို့ စည်းကမ်းထုတ်သင့်တယ်လို့ ယူဆနေကြပါတယ်။
ပဲခူးမြို့မှာ အရင်က မျဉ်းဝါအတွင်းမှာပဲ ဆိုင်ကယ်မောင်းနှင်ရမယ်လို့ စည်းကမ်းချက် ထုတ်ထားတာမျိုး မရှိဘဲ ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့နဲ့ လိုင်စင်မဲ့ဆိုင်ကယ်စီးတာမျိုး မလုပ်ဖို့ဘဲ စည်းကမ်းချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကစတင်ပြီး ပဲခူးမြို့မှာ မော်တော်ဆိုင်ကယ်တွေကို နောက်ကြည့်မှန်၊ နံပါတ်ပြား၊ ဦးထုပ် စတဲ့ ဖမ်းဆီးမှုတွေအပြင် ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင် စတာတွေပါ စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်လာခဲ့ပါတယ်။