ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အခြေစိုက် အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို သိမ်းယူနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဲဒီ့စခန်းရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ ကာကင်းစခန်း သုံးခုကို လတ်တလော သိမ်းပိုက်ရရှိထားပြီလို့ ရက္ခိုင့်တပ်တော် (အေအေ)က သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့တိုင်းဗဟို ၉ လို့ခေါ်တဲ့ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းတခုလုံး အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အေအေစစ်သည်တွေက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဆိုပါတယ်။
ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့တွေက လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီရဲ့ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေကို ရက္ခိုင့်တပ်တော်က ဗျူဟာမြောက် တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲရင်း ရန်သူ့စခန်းတချို့ကို အပြီးသတ် သိမ်းပိုက်ရယူဖို့ အတွက် ထိုးစစ်တွေ ဆက်ဆင်နွှဲနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါ့အပြင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့တွေက စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ မြို့၊ ရွာ၊ လူနေအိမ်တွေထဲကို ဆက်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ရမ်းဗြဲမြို့ကိုလည်း စစ်ကောင်စီက လေကြောင်းကနေ မနေ့ ညနေ ၅ နာရီလောက်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။