ထိုင်းပညာပေးရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်တဲ့ လူငယ်သရုပ်ဆောင် မော့စ် (ခ) နိုင်းကျကဖန်း ခမ်းထတ်ဟာ မိန်းကလေးအယောက် ၁၀၀ လောက်နဲ့ ထည်လဲတွဲပြီး ညစ်ညမ်းဗွီဒီယိုရိုက်ကူးကာ အဆိုပါမိန်းကလေးတွေဆီကနေ ငွေပြန်ညှစ်မှုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် ညက မိန်းကလေးအဖော်နဲ့အတူ ဘန်ကောက် လတ်ဖရော့တ်နယ်မြေ Full Moon Terrace Bar နိုက်ကလပ်မှာ ပျော်ပါးစဉ် အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်း ဆီးခဲ့တာပါ။
ဒီမတိုင်ခင်က ထိုင်းမိန်းကလေးတချို့ဟာ မော့စ်ရဲ့ ချစ်သူအဖြစ်သွေးဆောင်ဖျားယောင်းခံရပြီး လိင်ပိုင်းဆိုင်ရာပျော်ပါးစဉ် ဗွီဒီယိုခိုးရိုက်ခံရကြောင်း၊ အဲဒီနောက် မိန်းကလေးတွေ ဆီကနေ ငွေ ဘတ် ၅၀၀၀၀၀ မှ ၁၀၀၀၀၀ ထိ တောင်းခံကာ ငွေမပေးရင် ဗွီဒီယိုတွေ ဖြန့်ဝေပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ရဲစခန်းမှာ သွားရောက်တိုင်တန်းထားကြတာပါ။
မော့စ်ကတော့ မိန်းကလေးတွေ အလိုတူအလိုပါဖြစ်လို့ ပျော်ပါးခဲ့တယ်၊ ဗွီဒီယိုက မိမိ ဖာသာပြန်ကြည့်ဖို့ အပျော်သဘောအနေနဲ့သာ ရိုက်ကူးခဲ့တယ်၊ မိန်းကလေးတွေဆီက ငွေညှစ်တာ မဟုတ်ဘူး။ ငွေအသုံးလိုလို့ ချေးငှါးတာ၊ ခြိမ်းခြောက်တာကလည်း စနောက်ကျီစယ်တာ သာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးရဲတွေကို ပြောပါတယ်။
သူ့ရည်းစားဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးတယောက်ကတော့ မော့စ်ဟာ ပညာပေးဇာတ်လမ်းထဲမှာ လူကောင်းလုပ်နေပေမယ့် အပြင်မှာ မိန်းမအလွန်ပွေကြောင်း၊ သူနဲ့ ရည်းစားဖြစ်ပြီး နောက်တ ယောက်ထပ်တွဲတာကိုမိတော့ ရန်ဖြစ်ကြတယ်၊ သူ့ကိုကြိုးနဲ့တုပ်ပြီးဆွဲဆောင့်တယ်၊ မိန်းက လေးရဲ့ ကားနောက်ကို လိုက်ပြီးသူ့ကားနဲ့လိုက်တိုက်တဲ့အထိ အကျင့်ယုတ်တယ်လို့ သတင်းထောက် တွေကို ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်အရ သူဟာ မိန်းကလေးအယောက် ၁၀၀ ကျော်နဲ့ တွဲခဲ့ပြီး အဲဒီလို ဗွီဒီယိုရိုက် ငွေညှစ်ခဲ့တယ်လို့ ဆိုပါတယ်။
သူအဖမ်းခံရပြီးနောက် ပညာပေးဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့ ဒွိုင်မယ့်ဆလောင်း ကုမ္ပဏီကလည်းမော့စ်ရဲ့ ပြဿနာဟာ ကိုယ်ရေးကိုယ်တာသာဖြစ်ပြီး ကုမ္ပဏီနဲ့ မပတ်သက်ကြောင်း၊ ခုချိန်ကစပြီး သူ့ကို သရုပ်ဆောင်အဖြစ် ငှါးရမ်းတော့မှာမဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
ဒွိုင်မယ့်ဆလောင်းက ထုတ်လုပ်တဲ့ ဇာတ်လမ်းတွဲတွေမှာ Follower စောင့်ကြည့်သူ ပေါင်း ၉ သန်းကျော်ရှိပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ မော့စ်ဟာ နွန်ထပူရီခရိုင် ဘန့်ကလွေးမြို့က ဖြစ်ပြီး လတ်ဖရော့တ်နယ်မြေရဲစခန်းက သူ့ကို တပါးသူအား ဖြားယောင်းသွေးဆောင်မှု၊ လိမ်လည်မှု၊ ခြိမ်းခြောက်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။
Source/Photo-MGR Online