ထိုင်ဝမ်အစိုးရဟာ သူ့ရဲ့ အရေးကြီးတဲ့ ရှေ့တန်းနေရာမှာရှိတဲ့ ကျွန်းတွေနားက ရေပြင်ထဲကို ဝင်လာတဲ့ တရုတ်ကမ်းခြေစောင့်သင်္ဘောတစင်းကို ဖေဖော်ဝါရီ ၂၀ ရက်က မောင်းထုတ်ခဲ့ပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်က ထိုင်ဝမ်ခရီးသွားဧည့်သည်လှေပေါ် တက်ခဲ့လို့ ထိတ်လန့်တုန်လှုပ်စေခဲ့တယ်လို့ ထိုင်ဝမ်ဝန်ကြီးက ပြောအပြီး တရက်အကြာမှာ တင်းမာမှုတွေ ပိုမြင့်တက်လာခဲ့တာပါ။
၈၀၂၉ နံပါတ်ပါတဲ့ တရုတ်ကမ်းခြေစောင့် သင်္ဘောတစင်းလည်း အင်္ဂါမနက်က ကင်းမဲန်းကျွန်းနားက ထိုင်ဝမ်ရေပိုင်နက်ထဲကို ဝင်ခဲ့တယ်လို့ ထိုင်ဝမ် ကမ်းခြေစောင့် တပ်ဖွဲ့က ကြေညာချက်တခုမှာ ပြောခဲ့ပါတယ်။
ထိုင်ဝမ်ကမ်းခြေစောင့်တပ်က သင်္ဘောတစင်းကိုလွှတ်ပြီး ရေဒီယိုနဲ့ အသံလွှင့်စက်ကိုသုံးရင်း မောင်းထုတ်ခဲ့ပြီး တနာရီအကြာမှာ တရုတ်ကမ်းခြေစောင့်သင်္ဘောက ဒေသထဲကနေ ထွက်သွားခဲ့ပါတယ်။
ထိုင်ဝမ်က ထိန်းချုပ်ထားတဲ့ ကင်မင်ကျွန်းတွေ ပတ်လည်က ရေပိုင်နက်အနားမှာ ရေဒါတွေ၊ စောင့်ကြည့်ထောက်လှမ်းတာတွေနဲ့ ကင်းလှည့်တာတွေကို ဆက်သုံးသွားမယ်လို့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
ကင်းမဲန်းကျွန်းနဲ့ အလွန်နီးကပ်လွန်းတဲ့ ကန့်သတ်ရေပိုင်နက်ထဲကို ဝင်လာတဲ့ တရုတ်ငါးဖမ်းလှေက ထိုင်ဝမ် ကမ်းရိုးတန်းစောင့်တပ်ရဲ့ လက်ကနေ ထွက်ပြေးရင်း တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့တာပါ။
အဲဒီဖြစ်ရပ်နောက်ပိုင်း ကင်မင်ကျွန်းတဝိုက်မှာ ပုံမှန်ကင်းလှည့်တာနဲ့ တရားဥပဒေစိုးမိုးရေး စတင်လှုပ်ရှားမယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ တရုတ်က ကြေညာခဲ့ပါတယ်။
ထိုင်ဝမ်အစိုးရက ငြင်းထားပေမဲ့ တရုတ်က သူ့ပိုင်နက်အဖြစ် အခိုင်အမာပြောထားတဲ့ ထိုင်ဝမ်ကျွန်းမှာ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲ ပြီးခဲ့တာပါ။
သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ လိုင်ချင်းတယ်ကို အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားအဖြစ် တရုတ်ပြည်မကြီး အစိုးရက ရှုမြင်ထားပါတယ်။
ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့ ရင်ဆိုင်နေရတဲ့ ရှေ့တန်းကျွန်းစုတွေမှာ စစ်အင်အား တိုးမြှင့်ချထားတာ မရှိသေးဘဲ ထိုင်ဝမ်တဝိုက်က စစ်ရေးအခြေအနေက အထူးအဆန်း မရှိဘူးလို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်တဲ့ မော်စီတုံး ကွန်မြူနစ်တွေနဲ့ ပြည်တွင်းစစ်မှာ ရှုံးနိမ့်ပြီးတဲ့နောက် ၁၉၄၉ ခုနှစ်မှာ ထိုင်ဝမ်ဆီ ထွက်ပြေးပြီးကတည်းက ကင်းမဲန်းကျွန်းစုကို ထိုင်ဝမ်အစိုးရက ထိန်းချုပ်ထားပါတယ်။
Source/Photo-Reuters