ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးခံထားရဆဲ ဓားစာခံတွေ ပြန်လွှတ်ပေးရေး ညှိနှိုင်းမှုတွေ ဆက်လုပ်ဆောင်နေချိန်မှာ အစ္စရေးဘက်က ဘာမှပေးမှာမဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ဘဏ္ဍာရေးဝန်ကြီး ဘယ်ဇလယ်လ် စမော့ထရစ်ချ်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက “ဓားစာခံတွေကို လွတ်မြောက်စေဖို့ ဘာပဲတောင်းဆိုပစေ လိုက်လျောပေးဖို့ဆိုတာ အပါအဝင် အစ္စရေးရဲ့ ရည်မှန်းချက်အားလုံးကို မအောင်မြင်ခင်မှာ စစ်ပွဲကို ရပ်တန့်လိုက်ဖို့ဆိုပြီး အစ္စရေးအပေါ် ပြည်တွင်းပြည်ပမှာ ဖိအားတွေ အတော်အတန်ရှိပါတယ်။ အစ္စရေးအနေနဲ့ နောက်ထပ် လွတ်မြောက်လာစေချင်ပြီး အောင်ပွဲရဖို့လည်း ပြင်ဆင်နေတာဖြစ်ပေမဲ့ ဒီ့အတွက် ဘာကိုမှ ပေးဖို့ အဆင်သင့်လည်း မဖြစ်ဘူး” လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံရဲ့ အရှုံးလို့ အဓိပ္ပာယ်ရစေတဲ့ ဟားမတ်စ်တွေ ကယောင်ကတမ်း တောင်းဆိုနေတဲ့ ဈေးနှုန်းတွေ မဟုတ်တာတော့ သေချာတယ်လို့လည်း ဆိုပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ကျန်ရှိနေတဲ့ ဓားစာခံ ၁၃၄ ဦးနဲ့ပတ်သက်ပြီး သူတို့လွတ်မြောက်ဖို့က အလွန်အရေးကြီးတယ် ဆိုပေမဲ့ ဘာတောင်းဆိုချက်ကိုမဆို လိုက်လျောပေးဖို့တော့ မဖြစ်နိုင်ဘူးလို့ ဘဏ္ဍာရေးဝန်ကြီး ဘယ်ဇလယ်လ် စမော့ထရစ်ချ်က ပြောဆိုပါတယ်။
သူတို့လွတ်မြောက်မယ့် နည်းလမ်းဟာ ဂါဇာမှာ စစ်ရေးအရ ဖိအားတွေ တိုးမြင့်ပြီးတော့ ပိတ်ဆို့ထားတဲ့ နယ်မြေကို အုပ်ချုပ်တဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟားမတ်စ်တွေကို အနိုင်ရဖို့ပဲ ရှိတယ်လို့လည်း ဆိုပါတယ်။
စမော့ထရစ်ချ်ရဲ့ မှတ်ချက်စကားကြောင့် အတိုက်အခံခေါင်းဆောင် ယဲရ်လာပစ်ဒ်နဲ့ ဝန်ကြီး ဘန်နီဂန့်ထ်ဇ်တို့က ပြစ်တင်ရှုတ်ချခဲ့ပြီး ဟားမတ်စ်တွေနဲ့ သဘောတူညီချက်ယူဖို့ အစိုးရကို ဖိအားပေးဖို့ ကြိုးစားနေတဲ့ ဓားစာခံမိသားစုတချို့ကို ဒေါသထွက်စေခဲ့ပါတယ်။
ဒါပေမဲ့ ရေဒီယိုအင်တာဗျူးပြီးနောက် မကြာခင်မှာပဲ စမော့ထရစ်ချ်ရဲ့ ရပ်တည်ချက်အတိုင်း ပဲ့တင်ထပ်သဘောထားရှိတဲ့ ကြေညာချက်တစောင်ကို ဝန်ကြီးချုပ် နေတန်ယာဟု ရုံးခန်းက ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ဟာ သူ့ရဲ့ အရှေ့အလယ်ပိုင်း အထူးသံတမန် စေလွှတ်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေးတို့အတွက် ကြားဝင်အကျိုးဆောင်ဖို့ ကြိုးပမ်းနေတဲ့ အမေရိကန်၊ အီဂျစ်၊ အစ္စရေးနဲ့ ကာတာတို့အကြား ဆက်လက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်နေချိန်မှာပဲ ဒီမှတ်ချက်တွေ ထွက်လာတာ ဖြစ်ပါတယ်။
Source/Photo-Reuters