Home
နိုင်ငံတကာ
ပြန်ပေးဆွဲခံရသည်ဟု လိမ်ညာခဲ့သည့် ထိုင်ဝမ်ဘလော့ဂါ ၂ ဦးကို ကမ္ဘောဒီးယားက ထောင်ဒဏ် ၂ နှစ်ချ
DVB
·
February 20, 2024
Cambodia PM_20022024

ကမ္ဘောဒီးယားနိုင်ငံမှာ ပြန်ပေးဆွဲခံရတယ်လို့ ဟန်ဆောင်လိမ်ညာခဲ့တဲ့ ထိုင်ဝမ် ဗီဒီယိုဘလော့ဂါ စုံတွဲကို ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချခဲ့ပြီးနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သူ့နိုင်ငံအတွင်း အတုအယောင် အကြောင်းအရာတွေကို မထုတ်လုပ်ဖို့ လူမှုကွန်ရက်မှာ လွှမ်းမိုးထင်ရှားနေသူတွေကို ဖေဖော်ဝါရီ ၁၉ ရက်က သတိပေးလိုက်ပါတယ်။

ကမ္ဘောဒီးယားတရားရုံးဟာ ထိုင်ဝမ်နိုင်ငံသား ချန်းနန်ချွမ်းနဲ့ လူစူရှန်း တို့ကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး သူတို့ကို ကမ္ဘောဒီးယားမှာ လူကုန်ကူးမှု၊ ဥပဒေမဲ့ ချုပ်နှောင်မှု၊ မုဒိမ်းမှုနဲ့ လူကိုယ်တွင်းအင်္ဂါတွေ ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ဗီဒီယိုအတုတွေ ထုတ်လုပ်တာနဲ့ ဆက်စပ်ပြီး တယောက်စီကို ကမ္ဘောဒီးယားငွေကြေး ရီယယ်လ် ၄ သန်း (ဒေါ်လာ ၉၈၂) ဒဏ်ငွေရိုက်ခဲ့ပါတယ်။

ကမ္ဘောဒီးယားမှာ ပြန်ပေးဆွဲခံရတယ်လို့ ဟန်ဆောင်ရိုက်ကူးထားတဲ့ သူတို့ရဲ့ဗီဒီယိုဖိုင်ဟာ Tik Tok မှာ ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုမှု သန်းပေါင်းများစွာ ရရှိပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်မှာ သူတို့နှစ်ဦးစလုံးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီထိုင်ဝမ်လူငယ် တစ်တော့ခ်ကာတွေက ကမ္ဘောဒီးယားနိုင်ငံကိုမှ ရွေးချယ်ပြီးတော့ ပြန်ပေးဆွဲမှုကို ဟန်ဆောင်ပြီး အတုအယောင် လုပ်ကြခဲ့တာဟာ သူတို့ရဲ့ တစ်တော့ခ်အကောင့်ကို ကြည့်ရှုသူ ပိုများစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနိုင်ငံကို မလုံခြုံဘူးလို့ လူထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာကို အထင်အမြင်လွဲအောင် လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်လည်း ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနက်က ပြောပါတယ်။

ပိုက်ဆံရဖို့ ဗီဒီယိုအတုအယောင်တွေ ရိုက်ကူးထုတ်လုပ်ကြတဲ့ ဒီလိုစီးပွားရေးလုပ်ငန်း အမျိုးအစားအတွက် ကမ္ဘောဒီးယားကို တည်နေရာ အသုံးချတဲ့ တခြားသူတွေကိုလည်း သတိပေးလိုက်ပြီး ဒီထောင်ဒဏ် ၂ နှစ်လို ပြင်းထန်တဲ့စီရင်ချက် ချပြီးတော့ သူတို့ကို ကမ္ဘောဒီးယားက ထုတ်ပယ်ပြီး နိုင်ငံတွင်းကို ဝင်ရောက်ခွင့် ရာသက်ပန် ပိတ်ပင်ပြီးတော့ နာမည်ပျက်စာရင်း သွင်းဖို့လည်း အခိုင်အမာ တိုက်တွန်းချင်ပါတယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။

ဝန်ကြီးချုပ် ဟွန်မာနက်ဟာ တရုတ်အထောက်အပံ့နဲ့ ဆောက်လုပ်မယ့် တိုနိုဘာ့ဆဲ မြစ်ကူးတံတားသစ်ရဲ့ မြေစိုက်အခမ်းအနားမှာ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

အဲဒီအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝန်ထျန်လည်း တက်ရောက်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024