ပဲခူးတိုင်းအတွင်းရှိ ပဲခူး၊ ကျောက်တံခါး၊ ဒိုက်ဦးမြို့နဲ့ ကဝမြို့နယ်အတွင်းရှိ ပြည်သူ့စစ်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၉ ရက်မှာ လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အုတ်တွင်းတပ်နယ်မှာ ဖေဖော်ဝါရီ ၁၉ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ပဲခူး၊ ကျောက်တံခါး၊ ဒိုက်ဦးမြို့နဲ့ ကဝမြို့နယ်အတွင်းရှိ ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးခဲ့တာလို့ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“တပခက တောင်ငူနဲ့ အုတ်တွင်းမှာ စစ်သင်တန်းပေးနေတာ၊ သင်တန်းဆင်းတဲ့သူတွေကို အဖွဲ့တွေဖွဲ့ပေးပြီး လက်နက်ပါ တပ်ဆင်ပေးတယ်၊ ထောက်ပံ့ကြေးပေးတယ်။ ရှေ့လကလည်း တခါပေးသေးတယ်။”
လက်နက်ပေးအပ်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့စစ်တွေကို သင်တန်းပေးပြီး လက်နက်မတပ်ဆင်ပေးပါက မြို့နယ်တွေမှာ PDF တွေရဲ့ လုပ်ကြံသတ်ဖြတ်ခံရလို့ တခါတည်း လက်နက်တပ်ဆင်ပေးတာလို့ ကဝမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အရင်က ပြည်သူ့စစ်သင်တန်းပေးပြီး စစ်တပ်က ဒီတိုင်းပြန်လွှတ်တာ၊ အဲ့တော့ မြို့ရွာတွေရောက်ရင် ပြည်သူ့စစ်တွေက အသတ်ခံရရော၊ အာ့ကြောင့် တခါတည်း လက်နက်တပ်ဆင်ပေးတာ။ ဒါနဲ့ဆို ပြည်သူ့စစ်တွေကိုပေးတာ သုံးကြိမ်ရှိပြီ။ မနေ့က တိုင်းမှူးကမှာတယ်၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လက်နက်တွေ မဆုံးရှုံးစေနဲ့ဆိုပြီး။”
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇာကျော်က ပဲခူးတိုင်း အနောက်ခြမ်းရှိ သာယာဝတီ၊ ပြည်၊ ဇီးကုန်းမြို့နယ်တွေကို ဖေဖော်ဝါရီ ၆ ရက်က လက်နက်တပ်ဆင်ပေးခဲ့ပါတယ်။
အလားတူ ဖေဖော်ဝါရီ ၂ ရက်ကလည်း ဒုတိယဗိုလ်ချုပ်ကြီး တေဇာကျော်နဲ့ တိုင်းအစိုးရ အဖွဲ့ဟာ ပဲခူးတိုင်းအရှေ့ခြမ်းရှိ ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးခဲ့ပါတယ်။