ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးအထူကုဆေးရုံကြီးမှာ မွေးဖွားစကလေးငယ်တွေ ပျမ်းမျှ တရက်အတွင်း နှစ်ဦးသေဆုံးခဲ့တဲ့အတွက် သေနှုန်းမြင့်နေတယ်လို့ တာဝန်ကျ ဆရာမတဦးက ပြောပါတယ်။
စစ်ဘေးတိမ်းရှောင်လာရတဲ့ ဖယ်ခုံ၊ ပင်လောင်း၊ ဆီဆိုင်နဲ့ ကျေးရွာငယ်ဘက်က မိခင်တွေဟာ လမစေ့ဘဲ ကလေးမွေးတာ၊ ကျန်းမာရေးအားနည်းတာနဲ့ စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် ကလေးငယ်တွေဟာ ပေါင်မပြည့်ဘဲ မွေးဖွားရာက သေဆုံးနေရတာလို့ ဆိုပါတယ်။
အမျိုးသမီးနဲ့ ကလေးအထူးကုဆေးရုံးကြီးမှာ တာဝန်ကျတဲ့ ဆရာမတဦးက “အများဆုံးက ဆီဆိုင်၊ ပင်လောင်းဘက်ပဲ၊ ကလေးက သေးသေးလေး၊ နှစ်ပေါင်ပဲရှိတဲ့ ကလေးတွေ။ အသားဝါကလေးတွေနဲ့ လမစေ့ဘဲ မွေးတဲ့ကလေးတွေက သေဆုံးတာ များပါတယ်။ အရင်ကဆို တလလုံးမှ ကလေး ၂ ဦး အများဆုံးပဲ သေတာပါ။ အခုက ကလေးမိခင်တွေကအစ ကျန်းမာရေးမကောင်းလို့ ကလေးတွေပါ သေဆုံးနေတာပါ” လို့ ပြောပါတယ်။
စစ်ဘေးတိမ်းရှောင်ရာက မိခင်တွေဟာ ကိုယ်ဝန် ၇ လနဲ့ ခွဲမွေးရတာ၊ ကိုယ်ဝန်ပျက်ကျတာတွေလည်း ဆက်တိုက်ကြုံနေရပြီး မြို့ပေါ်မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာမယ်ဆိုရင် တလတကြိမ်၊ တပတ်တကြိမ် ဆေးခန်း လာပြရတဲ့ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အခက်အခဲအများကြီး ဖြစ်စေနိုင်တယ်လို့ ဆရာမက ဆက်ပြောပါတယ်။
ဆီဆိုင်က စစ်ဘေးရှောင်အမျိုးသမီးတဦးက “ကျမကလေးဆို ၃ ပေါင်ပဲရှိတယ်၊ သေးသေးလေးပဲ။ ဆေးရုံ အကြာကြီးတက်ရတယ်၊ ကလေးက သေးလွန်းလို့ သူနာပြုအကူ ငှားထားပေးရတယ်။ ဆီဆိုင်မှာတိုက်ပွဲဖြစ်တော့ အစက မရှောင်ဘူးလုပ်နေတာ၊ ကိုယ်ဝန်ကလည်း ၈ လလောက်နဲ့ မွေးသွားတာ၊ ကလေးကတော့ အောင်သွားတယ်” လို့ ပြောပါတယ်။
မွေးကင်းစကလေးတွေအတွက် Incubator တွေလည်း မကောင်းတော့တဲ့အတွက် အစိုးရဆေးရုံမှာမွေးတဲ့ ကလေးငယ်တွေဟာ လိုအပ်တဲ့ အထောက်အပံ့ပစ္စည်း အပြည့်မရရှိဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံ နဲ့ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ကလေးငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အဘိုးအဘွားတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။