အစ္စရေးနယ်စပ်ရဲ့ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာရှိ လက်ဘနွန်နိုင်ငံ ဂါဇီယာမြို့အနီးမှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။
ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကိုလည်း ကြားခဲ့ရပြီး မြို့အနီးအနားကနေ မီးခိုးလုံးအမည်းတန်း ၂ ခု ထွက်ပေါ်ခဲ့တာကိုလည်း မြင်ခဲ့ရကြောင်း ဆိုကြပါတယ်။
လက်ဘနွန်နိုင်ငံပိုင် မီဒီယာကတော့ အဲဒီတိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်တာ ဖြစ်ကြောင်းနဲ့ တိုက်ခိုက်မှုတွေထဲက တခုဟာ ကားတစီးကို ထိခိုက်မိကြောင်း ပြောကြားပါတယ်။
ရိုက်တာရဲ့ စုံစမ်းမေးမြန်းမှုအပေါ် အစ္စရေးစစ်တပ်က သူတို့ စစ်ဆေးနေဆဲဖြစ်ကြောင်း တုံ့ပြန်ဖြေကြားပါတယ်။
အစ္စရေးဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဒုံးကျည်တွေပစ်ခတ်ခဲ့တဲ့ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကို လက်ဘနွန်တောင်ဘက် နယ်စပ်တလျှောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။ အစ္စရေးဟာ နယ်ခြားဇုန်ရဲ့ မြောက်ဘက်ကိုတော့ တိုက်ခိုက်တာ ရှားပါးပါတယ်။
လက်ဘနွန် စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာက အစ္စရေးကို ဒရုန်းပစ်လွှတ်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ လက်ဘနွန်တောင်ပိုင်း ဆီဒွန်မြို့အနီးရှိ လက်နက်သိုလှောင်ရုံတွေကို အစ္စရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီရယ် ဟာဂါရီက ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
တီဘီးရီးယပ်စ်မြို့အနီးမှာ ဟစ်ဇ်ဘိုလာဆီကနေလာတဲ့ မောင်းသူမဲ့ လေယာဉ်တစီး ပျက်ကျထားတာကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဆီဒွန်မြို့က လက်နက်ရုံတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆက်ပြီးတော့လည်း ဟစ်ဇ်ဘိုလာ အကြမ်းဖက်သမားအုပ်စုတွေကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာဖြစ်ကြောင်း ဟာဂါရီက ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
Source/Photo-Reuters