Home
မြန်မာသတင်း
ရန်ကုန် ဘုရင့်နောင်ပွဲရုံအနီး လူငယ်အချို့ကို  စစ်တပ်က ကားပေါ်တင်ခေါ်သွား
DVB
·
February 20, 2024
BAYINT 2022024

ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံအနီးမှာ စစ်တပ်နဲ့ အရပ်ဝတ်တချို့က လူငယ် ၂ ဦးကို စစ်ကားပေါ် တင်ခေါ်သွားတယ်လို့ မျက်မြင်ကြုံခဲ့ရသူတွေထံက သိရပါတယ်။

ရန်ကုန်မှာ နေ့စဉ် လူငယ်တွေပျောက်ဆုံးနေတဲ့သတင်းတွေနဲ့အတူ ပေါ်တာဆွဲနေတယ်လို့ ကောလာဟလတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

မရမ်းကုန်မြို့နယ် ဘုရင့်နောင်ပွဲရုံအနီးမှာ ဖေဖော်ဝါရီ ၂၀ ရက်  မနက် ၁၁ နာရီလောက်က စစ်တပ်ပိုင်ကားနဲ့ လမ်းလည်မှာ လူငယ်တွေကို ဆွဲခေါ် တင်ဆောင်သွားတယ်လို့ မျက်မြင်ကြုံခဲ့ရသူ တဦးက ပြောပါတယ်။

“ဘုရင့်နောင်ပွဲရုံထိပ် စီဘီဘဏ်ရှေ့မှာ အဲဒီသူတို့ကားနဲ့ စစ်သားတွေလည်းပါတယ်။ ပြီးတော့ အရပ်ဝတ်နဲ့ အင်္ကျီအဖြူတွေဝတ်ထားတဲ့ လူ ၃ ယောက်လောက်လည်း ပါတယ်။ ကားပေါ်မှာတော့ လူငယ် နှစ်ယောက်ကို တင်ခေါ်သွားတယ်။ အဲတာမျက်မြင်ပဲ ကိုယ်တွေမျက်နှာချင်းဆိုင်ဘက်ကဆိုတော့ သူတို့ကို တပ်အပ်မြင်လိုက်ရတယ်။ ပေါ်တာဆွဲနေတာ ပေါ်တင်ကိုဆွဲနေတာ။”

ပြည်သူ့စစ်မှုထမ်းဥပဒေအတည်မပြုခင်ကတည်းက ရန်ကုန်မှာ နေ့စဉ်လိုလို လူငယ်တွေ ပျောက်ဆုံးနေပြီး ဖေဖော်ဝါရီ ၁၉ ရက်ညတုန်းကလည်း အရှေ့ဒဂုံမြို့ နယ်ထဲမှာ လူငယ် ၄ ဦးကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်၊

ရပ်ကွက်နေဒေသခံတဦးက “လူငယ် လေးယောက်ကိုဆွဲသွားတာ ဘာအတွက်လဲဆိုတော့ မသိဘူး။ အိမ်ပေါ်ထိ တက်ဆွဲသွားတာ” လို့ ပြောပါတယ်၊

ရန်ကုန်တိုင်း သန်လျင်၊ လှိုင်သာယာ၊ ပေါက်တောဝ၊ ရွှေပြည်သာစတဲ့ မြို့နယ်တွေမှာ ညမထွက်ရအမိန့်အချိန် မတိုင်ခင် လူငယ်တွေကို စစ်တပ်က ကားတွေပေါ် တင်ဆောင်ပြီး ခေါ်သွားတာမျိုးတွေရှိနေတယ်လို့ လူမှုကွန်ရက်တွေမှာ မျှဝေနေကြပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီ ခေါင်းဆောင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်မှာ အာဏာတည်တဲ့အကြောင်း ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက်မှာတော့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024