မကွေးတိုင်း၊ ယောဒေသ ထီးလင်းမြို့နယ် ထလင်းရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ အရပ်သား ပြည်သူ တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် မနက် ၉ နာရီမှာ ထီးလင်းမြို့ ရွှေထီးခန်းမကနေ ကျေးရွာတွေဘက်လာတဲ့ အင်အား ၁၅ ယောက်လောက်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ထလင်းရွာအဝင်မှာ ကျွဲကျောင်းနေတဲ့ ရွာသား ၂ ဦးကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
စစ်ကြောင်းမှ မေးမြန်းခေါ်ဆိုနေစဉ် ရွာသား ၂ ဦးမှာ ကြောက်လန့်ထွက်ပြေးကြရာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ထလင်းရွာမှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကိုသန့်ဆိုသူ ပျောက်ဆုံးနေပြီး ညနေပိုင်းမှ ထလင်းရွာအဝင် မောချောင်းကူးတံတားအထက် ချောင်းနံဘေးမှာ အလောင်းကို ရွာသားတွေက ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ဒေသခံတဦးက “ထလင်းအဝင်ပေါ့ မောချောင်းကြိုးတံတားနားမှာ ကျွဲကျောင်း၊ ကျွဲရေချနေတဲ့ ပြည်သူ ၂ ယောက်ကို စစ်ကြောင်းကခေါ်တာ သူတို့ကလန့်ပြီး ထွက်ပြေးတာ ၁ ယောက်က အပစ်ခံလိုက်ရတယ်၊ ၁ ယောက်ကမိသွားပြီး အထိုးကြိတ်ခံလိုက်ရတယ်၊ အပစ်ခံရသူက ပျောက်သွားတယ်၊ ညနေမှ အလောင်းပြန်တွေ့တာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းကလည်း ယောဒေသ ဂန့်ဂေါမြို့နယ်က အရပ်သား ၁၀ ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက သတ်ဖြတ်ခဲ့ပါသေးတယ်။