Home
ဆောင်းပါး
စစ်မှုထမ်းဥပဒေ ဘာလဲ၊ ဘယ်လဲ 
DVB
·
February 20, 2024
Article 2_20022024

ရည်ရွယ်ချက်

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ တို့တာဝန်အရေးသုံးပါး စောင့်ထိန်းဖို့ဆိုပြီး ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

ဥပဒေအမည်၊ အာဏာသက်ရောက်မှု

ဒီဥပဒေကို ပြည်သူ့စစ်မှုထမ်းဥပဒေလို့ ခေါ်ပါတယ်။ ဒီဥပဒေကို နအဖ ဥက္ကဋ္ဌက ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် နေ့မှာစတင် ဥပဒေအာဏာ  တည်တဲ့အကြောင်း လက်ရှိစစ်ခေါင်းဆောင်က  အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့ပါတယ်။

ဘယ်သူတွေ စစ်မှုထမ်းရမလဲ

ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ယောက်ျားလေးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်၊ မိန်းကလေးဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အရွယ်တွေ အကျုံးဝင်ပါတယ်။ အဲဒီအရွယ်တွေဆိုရင် စစ်မှုထမ်းရမယ်။ ဒါပေမဲ့ ကျွမ်းကျင်သူအမျိုးသား ဖြစ်ရင်တော့ အသက် ၁၈ နှစ်ကနေ အသက် ၄၅ နှစ်အရွယ်အထိ သက်ဆိုင်ပါတယ်။ ကျွမ်းကျင်သူ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်ထိ အကျုံးဝင်ပါတယ်။ ဒီနေရာမှာ “ကျွမ်းကျင်သူ” ဆိုတာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု၊ ပညာတတ်မြောက်သူ၊ အခြားအတတ်ပညာတခုခု တတ်မြောက်သူကို ဆိုလိုတာ ဖြစ်ပါတယ်။

ဘယ်သူတွေ ကင်းလွတ်ခွင့်ရမလဲ (စစ်မှုထမ်းစရာ မလိုသူတွေ)

သာသနာ့ဝန်ထမ်းတွေ ကင်းလွတ်ခွင့်ရပါတယ်။ သာသနာ့ဝန်ထမ်းထဲမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာဆိုတဲ့ ဘာသာ ၃ ခုက ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။

ဗုဒ္ဓဘာသာအရ ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေ ပါဝင်တယ်။ သူတို့တွေမှာ သာသနာနွယ်ဝင် လက်မှတ် ကိုင်ဆောင်ထားရပါမယ်။ ခရစ်ယာန်ဘာသာအရ ခရစ်ယာန်အသင်းတော်တွေက အသိအမှတ်ပြု သိက္ခာပေးထားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။ ဟိန္ဒူဘာသာအတွက်ကတော့ စံယာစီ၊ မဟန့်၊ ဟိန္ဒူဘုန်းတော်ကြီးတွေ ပါဝင်ပါတယ်။

အိမ်ထောင်သည်အမျိုးသမီးတွေ၊ အိမ်ထောင်ပျက်ပေမဲ့ သားသမီးရှိတဲ့ အမျိုးသမီးတွေလည်း ကင်းလွတ်ခွင့်ရပါတယ်။ ကိုယ်လက်အင်္ဂါတခုခု အမြဲတမ်း မသန်စွမ်းတဲ့သူတွေလည်း စစ်မှုထမ်းစရာ မလိုပါဘူး။ စစ်တပ်ဆေးစစ်ဆေးရေးအဖွဲ့ (စစ်/ဆေးအဖွဲ့) က စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်ကြောင်း သတ်မှတ်ထားသူတွေ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီး ကင်းလွတ်ခွင့် ပြုထားသူတွေဟာလည်း ကင်းလွတ်ခွင့် ရကြသူတွေ ဖြစ်ပါတယ်။

စစ်မှုထမ်းကာလ

သာမန်အခြေအနေမှာ ဆိုရင်တော့ နိုင်ငံသားတယောက်က ၂၄ လ (၂ နှစ်) အထိ စစ်မှုထမ်းရပါမယ်။ စစ်တပ်စက်မှုလက်မှုပညာသည် ဆိုရင်တော့ ၃ နှစ်အထိ စစ်မှုထမ်းရမယ်။ ဒီလိုပဲ ကျွမ်းကျင်သူဆိုရင်လည်း ၃ နှစ်အထိ တာဝန်ထမ်းရမယ်။ ဒါပေမဲ့ နိုင်ငံတော်က အရေးပေါ်အခြေအနေ ရောက်နေတယ်ဆိုရင် စစ်မှုထမ်းကာလကို ငါးနှစ်အထိ သတ်မှတ်ရမယ်။ ပြီးတော့ ၁၉၅၉ စစ်ဥပဒေအရ မဟုတ်ဘဲ အခြားနည်းနဲ့ ပြစ်ဒဏ်ချမှတ်ခံရရင် ဒါမှမဟုတ် စစ်တရားရုံးကဖြစ်စေ၊ အရပ်ဘက်တရားရုံးကဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံရရင် အဲဒီပြစ်ဒဏ်ကာလတွေကို စစ်မှုထမ်းတဲ့ ကာလတွေအဖြစ် ထည့်မတွက်ပါဘူး။

စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် တာဝန်များ

ပြည်သူတွေကို စစ်မှုထမ်းဖို့ခေါ်တဲ့ အဖွဲ့တွေကို စစ်မှုထမ်းဆင့်ခေါ်တဲ့အဖွဲ့လို့ ခေါ်တယ်။ ပြည်သူ့စစ်မှုထမ်းအဖွဲ့ကို တိုင်း (သို့မဟုတ်) ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဖွဲ့အစည်းဆိုပြီး ဖွဲ့စည်းနိုင်တယ်။ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေကို ဆေးစစ်ဖို့ စစ်/ဆေးအဖွဲ့တွေက လုပ်ဆောင်ကြမှာဖြစ်တယ်။ ရပ်/ကျေးအဖွဲ့တွေက အဲဒီနယ်နိမိတ်အတွင်းမှာ နေထိုင်တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စစ်မှုထမ်းရမယ့် အရွယ်ရောက်သွားတဲ့သူတွေကို မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဆီကို ဇန်နဝါရီ ၁ ရက်နေ့အမီ နှစ်တိုင်းပို့ပေးရမယ်။ အမိန့်ထုတ်ဆင့်ပြီး ခေါ်လိုက်ရင် ဆင့်ခေါ်ခံရသူတွေဟာ သတ်မှတ်ကာလအတွင်း သတင်းပို့ရမယ်။ ပြီးရင် ဆင့်ခေါ်ရေးအဖွဲ့တွေက စေလွှတ်တဲ့တပ် (သို့) ဌာနတွေကို သွားရောက်ပြီး စစ်မှုထမ်းကြရမယ်။

ဒါပေမဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ဆင့်ခေါ်ခံရသူကို သူ့ရဲ့ လုပ်ကိုင်နေတဲ့ အလုပ်မှာပဲ ဆက်လုပ်ဖို့ ညွှန်ကြားနိုင်တယ်။ စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့ဟာ စစ်မှုထမ်းရမယ့် အရွယ်ရောက်လာတဲ့ နိုင်ငံသားတွေကို ဆင့်ခေါ်ရမယ်။ မှတ်ပုံတင်ထားရမယ်။ ပြီးရင် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမယ်။ မှတ်ပုံတင်လက်ဝယ်ရှိထားပြီဆိုရင် ဆေးစစ်ဖို့ဆိုပြီး ဆင့်ခေါ်နိုင်တယ်။ ဆင့်ခေါ်ခံရသူဟာ အဲဒီဆင့်ခေါ်စာထဲမှာပါတဲ့ တပ် (သို့) ဌာနကို သတ်မှတ်ကာလအတွင်း မပျက်မကွက် သတင်းပို့ရမယ်။ အဲဒီလို ဆင့်ခေါ်ရာမှာ ဆင့်ခေါ်စာအမိန့်ကို သက်ဆိုင်ရာ ဆင့်ခေါ်ခံရသူ ပုဂ္ဂိုလ်ထံ ပေးရမယ်။ သူ့ကိုမတွေ့ဘူးဆိုရင် သူနဲ့အတူနေ မိသားစုဝင် တဦးဦးကို ပေးခဲ့ရမယ်။ ဘေးမှာ သက်သေတဦးထားပြီး ပေးရမယ်။ အဲဒီလို ပေးလိုက်ပြီဆိုရင် ကာယကံရှင်ကို ပေးလိုက်သလို အတည်ဖြစ်သွားပြီလို့ မှတ်ယူရမယ်။ နိုင်ငံသားတဦးက ပြည်သူ့စစ်မှုထမ်း ဖြစ်သွားပြီဆိုရင် ၁၉၅၉ တပ်မတော်အက်ဥပဒေကို လိုက်နာရမယ်။ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက သူ့ကို စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းရမယ့်ကာလကို လျှော့ပေးဖို့၊ သီးခြားဖော်ပြထားတဲ့ သတ်မှတ်ကာလအထိ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားနိုင်တယ်။ အဲဒီအခါမျိုးမှာ စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့က အဲ့ဒီ လျှောက်ထားသူရဲ့ ကိုယ်ရေးအချက်အလက်တွေ မှန် မမှန်၊ အကြောင်းပြချက်တွေ မှန်ကန်ခိုင်လုံမှု ရှိ မရှိ စစ်ဆေးရမယ်။ လျှောက်လွှာပါ အချက်အလက်တွေ မပြည့်စုံရင် လျှောက်ထားသူထံ ပြန်တောင်းရမယ်။ အဲဒီလုပ်ငန်းတွေ လုပ်ကိုင်ပြီးပြီဆိုရင် စစ်/ဆေးအဖွဲ့ရဲ့ ဆေးစစ်ချက်၊ မြို့နယ်ဆင့်ခေါ်ရေးအဖွဲ့ရဲ့ တွေ့ရှိချက်နဲ့ သဘောထား မှတ်ချက်တွေကို ခရိုင်ဆင့်ခေါ်ရေးအဖွဲ့ဆီ တင်ပြရမယ်။ ခရိုင်အဆင့်ကလည်း အလားတူ တိုင်း (သို့) ပြည်နယ်ကို ထပ်တင်ပြ၊ တိုင်း (သို့) ပြည်နယ်ကလည်း ဗဟိုအဖွဲ့ဆီကို အဆင့်ဆင့် တင်ပြရမယ်။

စစ်မှုထမ်းဖို့ ယာယီရွှေ့ဆိုင်းခွင့်ရသူတွေ

စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့တွေက အောက်ပါလူပုဂ္ဂိုလ်တွေကို စစ်မှုထမ်းတာဝန်ကနေ ယာယီရပ်ဆိုင်းနိုင်တယ်။ စစ်မှုထမ်းဖို့ ကျန်းမာရေးအဆင့်မမီကြောင်း စစ်/ဆေးအဖွဲ့က ထောက်ခံချက် ရထားသူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အခြားစောင့်ရှောက်မယ့်သူမရှိလို့ မိအိုဖအိုတွေကို ပြုစုလုပ်ကျွေးနေသူတွေ၊ မူးယစ်ဆေးဝါးဖြတ်ဖို့ ဆေးကုသမှု ခံယူနေသူတွေ၊ ထောင်ဒဏ်ကျခံနေရသူတွေ။ ဒီပုဂ္ဂိုလ်တွေကိုတော့ စစ်မှုထမ်းဥပဒေကနေ ယာယီ ရွှေ့ဆိုင်းခွင့် ပြုထားတယ်။ ဒါပေမဲ့ နောင်တချိန်ကျရင်တော့ စစ်မှုထမ်းရပါမယ်။ စစ်မှုထမ်းရမယ့် အသက်အရွယ် ကျော်သွားရင်တောင် စစ်မှုထမ်းရပါမယ်။

ပြည်သူ့စစ်မှုထမ်းတွေရဲ့ ခံစားခွင့်တွေ

ပြည်သူ့စစ်မှုထမ်းတဦးဟာ စစ်မှုထမ်းနေစဥ်မှာ စစ်တပ်မှာ သတ်မှတ်ထားတဲ့ အဆင့်အလိုက် လစာနဲ့ စရိတ်ကို ရမယ်။ ပြီးတော့ စစ်မှုထမ်းတုန်း သေဆုံး၊ ထိခိုက် ရှိခဲ့ရင်လည်း သတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်တွေ ရှိပါတယ်။ စစ်မှုထမ်းပြီးတဲ့ အလုပ်သမားတယောက်ကို စစ်မှုထမ်းပြီးတဲ့အခါ သူ့ရဲ့ မူလအလုပ်အကိုင် (သို့) အလားတူ အလုပ်အကိုင်မျိုးမှာ အလုပ်ရှင်က ခန့်ထားပေးရမှာ ဖြစ်တယ်။ စစ်မှုထမ်းပြီးပေမဲ့ ကိုယ့်သဘောနဲ့ကိုယ် စစ်တပ်ထဲ ဝင်ချင်ရင်လည်း ဝင်ခွင့်ပြုနိုင်တယ်။ ပါရဂူဘွဲ့ရသူတွေ၊ အသက်မွေးဝမ်းကျောင်း ဘွဲ့တခုခု ရသူတွေနဲ့ အခါအားလျော်စွာ အရည်အချင်းနဲ့ ပြည့်စုံသူတွေကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်တယ်။

စစ်စည်းရုံးခြင်း

တိုင်းပြည်ရဲ့ ဒေသအချို့မှာဖြစ်ဖြစ်၊ တနိုင်ငံလုံးမှာဖြစ်ဖြစ် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် အရေးပေါ်အခြေအနေ ပေါ်လာရင် နိုင်ငံတော်အစိုးရက စစ်မှုထမ်းရမယ့် အရွယ်ရောက်သူတွေကိုဖြစ်စေ၊ စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးသူတွေကိုဖြစ်စေ စစ်စည်းရုံးခြင်း အမိန့်ကို ထုတ်နိုင်တယ်။

ပြစ်ဒဏ်တွေ

စစ်မှုထမ်းရမယ့် အရွယ်ရောက်သူဟာ စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့က မှတ်ပုံတင်ဖို့ ဆင့်ခေါ်ချိန်မှာ မလာရင်၊ ဆေးစစ်ဖို့ခေါ်တဲ့အချိန်မှာ မလာရင်၊ ဆေးစစ်တာ အောင်ပေမဲ့ စစ်မှုထမ်းဖို့ခေါ်ချိန်မှာ မလာရင်၊ စစ်စည်းရုံးခြင်းအမိန့် ထုတ်ပြန်ချိန်မှာ ကိုယ့်အတွက် ကြိုတင်သတ်မှတ်ထားတဲ့ တပ် (သို့) ဌာနကို သတင်းပို့ဖို့ ပျက်ကွက်ရင်၊ ကိုယ်ဖော်ပြရမယ့် အကြောင်းတခုခုနဲ့ ပတ်သက်လို့ မမှန်မကန်ဖော်ပြရင်၊ စစ်မှုထမ်းပြီးတဲ့ အလုပ်သမားတယောက်ကို အလုပ်ခန့်ထားရန် ပျက်ကွက်ရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်။

ပြီးတော့ စစ်မှုမထမ်းချင်တာကြောင့် အခုပြောမယ့် ပြစ်မှုတခုခုကို ကျူးလွန်ရင် ငါးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်။ ဘာပြစ်မှုတွေလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် ရောဂါဖြစ်အောင် ဟန်ဆောင်ရင်၊ မသန်မစွမ်းဖြစ်အောင် ဟန်ဆောင်ရင်၊ ရောဂါဖြစ်အောင်၊ မသန်မစွမ်းဖြစ်အောင်လုပ်ရင်၊ ရောဂါဖြစ်တာ မသန်မစွမ်းဖြစ်တာကို ပျောက်ကင်းဖို့ မကုဘဲ တမင် ကြန့်ကြာလာအောင်၊ ပိုဆိုးရွားလာအောင် ပြုရင်၊ ကိုယ့်ဘာသာကိုယ် အနာတရဖြစ်အောင်လုပ်ရင်၊ အခြားနည်းတွေနဲ့လုပ်ရင် ဆိုတဲ့ ပြစ်မှုတွေ ဖြစ်ပါတယ်။

နိုင်ငံ့ဝန်ထမ်း ဒါမှမဟုတ် အဖွဲ့ဝင်တဦးဦးက ကိုယ့်တာဝန်ကို မရိုးမဖြောင့် သဘောမျိုးနဲ့ ပြုလုပ်မှု (သို့) ပျက်ကွက်မှုတခုခုကို လုပ်ရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်။ ဒါ့အပြင် ဒီဥပဒေမှာပါတဲ့ ပြစ်မှုတခုခုကို အားပေးကူညီရင် တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်။ အပေါ်မှာ‌ပြောခဲ့တဲ့ ငါးနှစ်နဲ့ သုံးနှစ် ကျခံနိုင်တဲ့ ပြစ်မှုတွေမှာ ပြစ်ဒဏ်ကျခံရပြီးရင်တောင်မှ စစ်မှုထမ်းတာကနေ ကင်းလွတ်ခွင့်မရပါဘူး။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာတည်ကြောင်းစစ်ခေါင်းဆောင်က ထုတ်ပြန်လိုက်တဲ့   ပြည်သူတရပ်လုံးကို ခြိမ်းခြောက်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းကို တင်ပြလိုက်ရတာ ဖြစ်ပါတယ်။

သပြေညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024