တနင်္သာရီတိုင်း၊ မြိတ်တက္ကသိုလ်မှာ စာမတတ်သူပပျောက်ရေး စီမံကိန်းအကြောင်းရိုက်ထားတဲ့ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင်ဇာတ်ကားပြပြီး ကျောင်းသား ကျောင်းသူတွေကို နိုင်ငံတာဝန်ထမ်းဆောင်ဖို့ ဆရာ ဆရာမတွေက စည်းရုံးခဲ့တယ်လို့ မြိတ်တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေထံက သိရပါတယ်။
“ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင်ဟာ တက္ကသိုလ်နဲ့ ကောလိပ်အသီးသီးက ကျောင်းသား ကျောင်းသူတွေက မြန်မာနိုင်ငံအတွင်း စာမတတ်သူပပျောက်ရေး လုပ်ငန်းမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တဲ့ အကြောင်းကို ဒါရိုက်တာ ဦးသုခက ၁၉၇၃ ခုနစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။
အဆိုပါရုပ်ရှင်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဆရာ ဆရာမတွေက ကျောင်းသား ကျောင်းသူတွေကို သက်ဆိုင်ရာမေဂျာအလိုက် စုစည်းပြီး မေဂျာအဆောင်အသီးသီးမှာ ၂ နာရီကြာ ပြသခဲ့ပြီး စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖို့ စည်းရုံးခဲ့တယ်လို့ ကျောင်းသား ကျောင်းသူတွေဆီက သိရပါတယ်။
မြိတ်တက္ကသိုလ်ကျောင်းသားတဦးက “အခန်းထဲမှာ လူတွေစုပြီး ရုပ်ရှင်ပြတယ်။ လုပ်အားပေးချင်တဲ့သူတွေ စာရင်းပေးလို့ ရတယ်ဆိုပြီး ဆရာ ဆရာမတွေက ပြောတယ်။ ကရင်၊ ကချင်နဲ့ ရှမ်းဘက်မှာ သွားရောက် လုပ်အားပေးရမယ်လို့လည်း သိရတယ်။ ကျနော်တို့ စိုးရိမ်တာက မေဂျာတခုဆီမှာ ဘယ်နှယောက်ပါရမလဲဆိုပြီး စာရင်းလာကောက်တာမျိုးတွေပါ။ ဒါပေမဲ့ အခုလက်ရှိတော့ တယောက်မှ စာရင်းမပေးကြဘူး” လို့ ပြောပါတယ်။
အခုလို “အ”သုံးလုံးရုပ်ရှင်ပြပြီး စည်းရုံးတာကို ကျောင်းက ထောက်ပံ့ကြေးယူထားတဲ့ ကျောင်းသား ကျောင်းသူတွေက စိုးရိမ်နေကြပါတယ်။
မြိတ်တက္ကသိုလ်ကျောင်းသား နောက်တဦးက “ကိုယ်တိုင်က သွားလုပ်ချင်ရင်တောင်မှ ကိုယ့်စရိတ်နဲ့ကိုယ် သွားရမှာလေ။ လတ်တလောမှာလည်း စစ်မှုထမ်းဥပဒေ ထုတ်ထားတယ်ဆိုတော့ “အ”သုံးလုံးကိစ္စကို အယောင်ပြပြီး စစ်မှုထမ်းရမှာလည်း စိုးရသေးတယ်။ ထောက်ပံ့ကြေးစာရွက်မှာလည်း “လိုအပ်ပါက နိုင်ငံတာဝန်ကို ထမ်းဆောင်ရမည်” ဆိုတဲ့ဟာ ပါတယ်လေ။ အဲဒါတွေလည်း စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။
မြိတ်တက္ကသိုလ် ကျောင်းဆရာမတဦးက “တိုင်းရင်းသားဒေသတွေမှာ လုပ်အားပေးဖို့ အထက်ကနေပြီး ပြခိုင်းတာပါ။ ဆရာမတို့လည်း အထက်ကဆိုတာလောက်ပဲ သိရတယ်။ ကျန်တာတော့ မသိဘူး။ စေတနာ့ဝန်ထမ်း လုပ်ဖို့အတွက် ဘယ်သူမှလည်း စာရင်းမပေးကြသေးဘူး” လို့ ပြောပါတယ်။
“အ”သုံးလုံးရုပ်ရှင်ကို အထက်က ပြခိုင်းတယ်လို့ ဆရာ ဆရာမတွေက ပြောပေမဲ့ အဆိုပါအထက်က ဘယ်သူဘယ်ဝါ ပြခိုင်းလဲ ဆိုတာကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။