Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီ ပြည်လည်ပေါင်းစည်းရေး ကြိုးပမ်းမည်
DVB
·
February 19, 2024
MON Pyi Thit Party_19022024

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့နဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ မွန်ပြည်သစ်ပါတီဗဟိုအလုပ်ဆောင်မှုကော်မတီက ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ပါတီညီလာခံရလဒ်အပေါ် ကျေနပ်မှုမရှိသူတွေ စည်းရုံးပြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) အမည်နဲ့  အာဏာသိမ်း စစ်ကောင်စီကို တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပါတီကနေ ခွဲထွက်သွားတဲ့သူတွေ မိခင်ပါတီဆီ ပြန်လာဖို့ သံဃာတော်တွေ မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီက ဖေဖော်ဝါရီ ၁၆ ရက်မှာ အသိပေးထားပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့  ဒုအဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ်(၁)ကတော့ မွန်ပြည်သစ်ပါတီရဲ့ ကြေညာချက်အပေါ် မှတ်ချက်မပေးလိုဘဲ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အတိုင်း အာဏာသိမ်းစစ်တပ်ကို ပြန်တိုက်သွားမယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးအပေါ် မွန်ပြည်သစ်ပါတီအတွင်း လက်ခံသူတွေနဲ့ လက်မခံသူတွေကြား သဘောထားကွဲလွဲနေခဲ့တာ ကြာပြီးဖြစ်သလို စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေး လက်ခံထားသူအရေအတွက် များပြားသွားတာကြောင့် လက်မခံသူတွေ ဘက်က အလျှော့ပေးခဲ့ရတာကို ကျေနပ်မှုမရှိခဲ့ဘူးလို့ မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီအခြေအနေမှာ မွန်ပြည်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဇေယျ ဦးဆောင်တဲ့အဖွဲ့ဟာ မော်လမြိုင်ခရိုင် ပါတီရှင်းလင်းရေးခရီးစဉ်သွားရောက်ချိန်မှာ အခွင့်ကောင်းယူပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)ကို ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)ကတော့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ မွန်ပြည်သစ်ပါတီနဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)တို့ရဲ့ ရပ်တည်ချက်နဲ့ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေဟာ သူတို့အပေါ်မှာသာ မူတည်တယ်လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ကိုတော့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုအဖွဲ့ ခေါင်းဆောင် (၁) နိုင်ဗညားလယ်၊ ဒုအဖွဲ့ ခေါင်းဆောင် (၂) နိုင်လယီကောင်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောတို့ ဦးဆောင်တာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ မွန်နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်ကတော့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ ပေါ်ပေါက်လာတာဟာ ပါတီနှစ်ခြမ်းကွဲတာ မဟုတ်ဘဲ ဗျူဟာအရ လုပ်ဆောင်မှုသာ ဖြစ်ပြီး စစ်ကောင်စီကို တိုက်၊ မတိုက် စောင့်ကြည့်ရမယ်လို့ သုံးသပ်ပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ကတော့ ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရဲ့အာဏာ အဓမ္မသိမ်းယူထားတဲ့ စစ်တပ်၊ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသာ တခုတည်းသော နည်းလမ်း ဖြစ်တယ်လို့ အသိပေးထားပါတယ်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ရဲ့ စစ်ကြေညာမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မွန်တော်လှန်ရေးအင်အားစုအဖွဲ့ အသီးသီးက ကြိုဆိုထောက်ခံကြောင်းနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

လင်းအိမ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024