ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIAနဲ့ KPDF ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၀ နာရီကျော်မှာ သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဒေသခံတဦးက “အဲဒီစစ်ကောင်စီစခန်းက စစ်ဗျူဟာအရ အရေးပါတယ်ပြောတယ်။ စခန်းသက်တမ်းက နှစ် ၃၀ နီးပါးရှိနေပြီ။ စီခမ်းကြီးကျေးရွာထိပ်မှာ အခိုင်အမာ တပ်စွဲထားတာလေ။ စခန်းမကျဖို့ စစ်ကောင်စီတပ်က တိုက်လေယာဉ် Y-8၊ Y-12 တွေ ရဟတ်ယာဉ်တွေ အမျိုးမျိုးအသုံးပြုပြီး ဗုံးကြဲတာ။ ရွာထဲကအိမ်တွေ တော်တော်ပျက်စီးတယ်။ စာသင်ကျောင်းတွေရောပဲ” လို့ ပြောပါတယ်။
နောက်ထပ် ဒေသခံတဦးကလည်း “စစ်တပ်ဘက်ကတော့ သေတာများတယ်။ KPDF ကလည်း ၂ ဦးကျတယ် သိရပေမဲ့ သေချာတော့ မသိဘူး။ စီခမ်းကြီးနဲ့ စီကော်၊ သံတံတားကျေးရွာဘက်တွေမှာ စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲလို့ ဗုံးခိုကျင်းထဲက မိသားစုလည်း သေတယ်ပြောတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းကလည်း စီခမ်းကြီးဘက်က စစ်ရှောင်လာတဲ့ ကလေးတွေ အပါအဝင် လူ ၁၀ ယောက်ကျော် တင်ဆောင်လာတဲ့ ကားတစီးကို ဗန်းမော်မြို့နဲ့ ၅ မိုင်ဝေးတဲ့ လမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတာ ပြန်မလွတ်လာသေးဘူးလို့လည်း သိရပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းကနေ ဖေဖော်ဝါရီ ၁၉ ရက်အထိ ၃ ရက်တိတိ စီခမ်းကြီးတပ်စခန်း သိမ်းပိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးခဲ့ပြီး ဒေသခံ ၁၀ ဦးထက်မနည်း စစ်ကောင်စီတပ်ရဲ့ ဗုံးထိမှန် သေဆုံးခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် KPDF ဘက်ကလည်း ၂ ဦး ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
စစ်ကောင်စီလေတပ်က တိုက်ပွဲမဖြစ်ခင်ကတည်းက စီခမ်းကြီးနဲ့ သံတံတား ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ဒုတိယနေ့မှာလည်း ကျေးရွာတွေကို ဗုံးကြဲတိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့ကာ ပြည်သူ ၅ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ညီနောင်တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
စခန်းသိမ်းတိုက်ပွဲကြောင့် စီခမ်းကြီး၊ စီကော်နဲ့ သံတံတားကျေးရွာက ပြည်သူတွေ ဗန်းမော်မြို့ပေါ်နဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ နေထိုင်နေရပြီး လက်ရှိအချိန်မှာ စားဝတ်နေရေးအတွက် အခက်အခဲ မရှိပေမဲ့ ရေရှည်မှာတော့ အခက်အခဲ ဖြစ်လာနိုင်တယ်လို့ စီကော်ကျေးရွာမှ တိမ်းရှောင်လာတဲ့ ပြည်သူတဦးက ပြောပါတယ်။
“စီခမ်းကြီးဘက် ဖြစ်နေတော့ ကျနော်တို့ဘက်လည်း ဖြစ်လာမှာစိုးရိမ်လို့ ရှောင်ထားကြတာ။ ဒီနေ့တော့ ဗန်းမော်မြို့ပေါ်နဲ့ ဆွေမျိုးတွေဘက်ကို ရောက်လာကြပြီး အခုတော့ လာပြီးကူညီပေးတဲ့သူတွေ ရှိနေတော့ အဆင်ပြေတယ်။ ရေရှည် ရက်ကြာ တိမ်းရှောင်ရရင်တော့ အခက်အခဲတွေတော့ ဖြစ်လာနိုင်တယ်။”
လက်ရှိ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျေးရွာ ၃ ရွာက ပြည်သူ ၂၀၀ ကျော် ဗန်းမော်မြို့မှာ တိမ်းရှောင်နေတယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေတယ်လို့ KPDF တပ်ဖွဲ့ဝင်တဦးထံကနေ သိရပါတယ်။