စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းကစတင်ပြီး လဝကဝန်ထမ်းတွေ၊ ရပ်ကွက်ဥက္ကဋ္ဌနဲ့ နယ်မြေမှူးတွေ စုပေါင်းပြီး လူဦးရေစာရင်း စတင်ကောက်ခံနေပြီလို့ ကလေးမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီခန့် ရပ်ကွက်နယ်မြေမှူးတွေနဲ့ လဝကဝန်ထမ်းတွေဟာ အရပ်ဝတ်တွေနဲ့ တအိမ်တက်ဆင်း လိုက်လံစာရင်းကောက်ခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့ခံတဦးက “ဒီမနက်ကစပြီး မြို့သာရပ်ကွက်ဘက် စာရင်းစကောက်တယ်။ ဒီအိမ်မှာ ယောကျ်ားလေး ဘယ်နှယောက်ရှိလဲ၊ မိန်းကလေး ဘယ်နှယောက်ရှိလဲ မေးတယ်။ စာရင်းမှတ်ယူသွားတယ်။ ပြီးရင် သူတို့ဝတ်စုံ (ယူနီဖောင်းအင်္ကျီ) လေး အပေါ်ကဝတ်ပြီး ဓာတ်ပုံရိုက်ယူသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ လူဦးရေစာရင်း ကောက်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိမ်းရှောင်တာတွေ မလုပ်ကြဖို့ကိုလည်း မှာကြားသွားတယ်လို့ ဆိုပါတယ်။
အခုလို စာရင်းကောက်ခံတဲ့အပေါ် မြို့ခံတွေအနေနဲ့ စိုးရိမ်နေကြပြီး လူငယ်ပိုင်းတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမှာကိုလည်း ကြောက်ရွံ့နေကြတယ်လို့ ပြောပါတယ်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်ရှိစစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာတည်တဲ့အမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။