Home
နိုင်ငံတကာ
ထိုင်းတွင် စိတ်ကြွဆေးပြား ၁၆ သိန်းကျော်နှင့် အိုက်စ်မူးယစ်ဆေးကီလို ၁,၀၀၀ ဖမ်းမိ 
DVB
·
February 19, 2024
Ching Rai Drug_19022024

ထိုင်းမြောက်ပိုင်း ချင်းရိုင်းနဲ့ လမ်းပွန်းခရိုင်ထဲမှာ တရက်အတွင်း မြန်မာနယ်စပ်ဘက်ကလာတဲ့ စိတ်ကြွဆေးပြား ၁၆ သိန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁၀၀၀ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ထိုင်းမူးယစ်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေက အဆိုပါမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇  တနေ့တည်းမှာ နေရာ ၃ ခုကနေ ဖမ်းဆီးရမိခဲ့တာပါ။ 

ပထမဖြစ်ရပ်မှာ လမ်းပွန်းခရိုင် မဲ့ထားမြို့နယ် စစ်ဆေးရေးဂိတ်က တာဝန်ရှိသူတွေဟာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် မနက် ၃ နာရီလောက်မှာတော့ ဂေါ်ဖီထုပ်တွေ အပြည့်တင်လာတဲ့ ကား ၁ စီးကိုပါ တားဆီးစစ်ဆေးခဲ့ပါတယ်။ 

ဂေါ်ဖီထုပ်တွေထဲ မွှေနှောက်ရှာဖွေကြည့်ရာမှာတော့ အိုက်စ်မူးယစ်ဆေးထည့်ထားတဲ့ အိတ်တွေပါ တွေ့ရှိပြီး အထဲမှာ အိုက်စ်မူးယစ်ဆေး စုစုပေါင်းအလေးချိန် ၁၀၀၀ ကီလိုဂရမ် ပါရှိတယ်လို့ ဆိုပါတယ်။ 

ယာဉ်မောင်းသူမှာ ၁၀ နှစ်ခံ တောင်ပေါ်သားကတ် ကိုင်ဆောင်သူ အသက် ၂၄ နှစ်ရွယ် ရှမ်းလူငယ်တဦးဖြစ်ပြီး သူ့ဘေးမှာလည်း အဖော်လူငယ်တဦး လိုက်ပါလာပါတယ်။ 

သူဟာ အဆိုပါအိုက်စ်ဆေးတွေကို ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် မြန်မာနယ်စပ်အနီးမှ သယ်ဆောင်လာတာလို့ ဖွင့်ဟဝန်ခံပြီး တာဝန်ရှိသူတွေက ကွင်းဆက်တွေ ဆက်လက်ဖော်ထုတ် အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ဒုတိယဖြစ်ရပ်ကတော့ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်က တိုယိုတာဟိုင်းလပ်စ်ကား ၄ စီးဟာ မယ်ဖာ့လုံမြို့နယ် မြန်မာနယ်စပ် ဘန့်ထိုတ်ထိုင်းရွာဘက်ကနေ ချင်းရိုင်းမြို့ဘက်ကို မောင်းနှင်လာကြောင်း၊ အဆိုပါကား ၄ စီးဟာ သာမန်လမ်းကနေ မမောင်းဘဲ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းပြီး အခြားလမ်းဘက်က ပတ်မောင်းလာတာကို တွေ့ရှိရတယ်လို့  မဲ့ကျန်း စစ်ဆေးရေးဂိတ်က ခရိုင်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။  

ခရိုင်ရဲတပ်ဖွဲ့က အဆိုပါကား ၄ စီးကို စောင့်ကြည့်စစ်ဆေးဖို့  စစ်ဆေးရေးဂိတ်အသီးသီးကို ဆက်လက်ညွှန်ကြားတာကြောင့် ချင်းရိုင်းမြို့နယ်နဲ့ ထိန်းမြို့နယ်ကြားမှာ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ 

ကား ၄ စီးလုံးမှာ ယာဉ်မောင်း၊ ဇနီးသည်နဲ့ ကလေးငယ်တွေပါ တင်ဆောင်လာပြီး ကားဘော်ဒီထဲမှာရော၊  ကားတာယာအပိုထဲမှာပါ စိတ်ကြွဆေးတွေ သယ်ဆောင်လာတာ တွေ့ရပါတယ်။ 

အဖြူရောင် တိုယိုတာကားထဲမှ စိတ်ကြွဆေးပြား ၂၆၆,၀၀၀၊ မီးခိုးရောင် တိုယိုတာ ဟိုင်းလပ်စ် ထဲမှ ၂၂၆,၀၀၀၊  အနက်ရောင်ဟိုင်းလပ်စ်ကားထဲမှ ၂၃၆,၀၀၀၊ နောက်ထပ် အနက်ရောင် တိုယိုတာကားထဲက စိတ်ကြွဆေးပြား ၂၆၆,၀၀၀  အားလုံးစုစုပေါင်း ၁,၀၃၄,၀၀၀ (၁ သန်းကျော်) ဖမ်းဆီးရမိခဲ့ပါတယ်။ ယာဉ်မောင်းနဲ့ လိုက်ပါလာတဲ့ မိသားစုအားလုံးဟာ ထိုင်းနိုင်ငံသားတွေ ဖြစ်ပြီး အဆိုပါမူးယစ်ဆေးတွေကို ထိုင်းမြောက်ပိုင်း ဖယောင်းခရိုင် ဖူးချန့်မြို့နယ်ကို ပို့ဆောင်ပေးဖို့ ဝန်ခံသွားပါတယ်။ 

နောက်ဖြစ်စဉ်တစ်ခုကတော့ ဖေဖော်ဝါရီ ၁၇ ရက် ညနေက ချင်းရိုင်းခရိုင် လွပ်ဝိန်းအုပ်စု ဟိုဖိုင်ရပ်ကွက်ထဲမှာ မောင်းနှင်လာတဲ့ အနီရောင် နစ်ဆန်အိမ်စီးကား ၁ စီးကို မသင်္ကာလို့ တာဝန်ရှိသူတွေက တားဆီးစစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၆ သိန်း တင်ဆောင်လာတာကို တွေ့ရတာပါ။ 

ယာဉ်မောင်းဖြစ်သူ နိုင်းဆုထင်း (၂၉ နှစ်) က  သူဟာ အဲဒီကားကို မဲ့ယောင်းအုပ်စုရှိ ကုန်စုံဆိုင် ၁ ဆိုင်ရှေ့ကနေ မောင်းနှင်လာကြောင်း၊ ကားပေါ်က မူးယစ်ဆေးတွေ ဘယ်က သယ်လာမှန်းတော့ မသိဘူး၊ လူ ၂ ယောက်က အဲဒီကားကို လာရပ်ပေးတယ်၊ သူ့တာဝန်က အဲဒီကားကို ချင်းရိုင်းခရိုင် လန့်မိုင်းဈေးရှေ့ထိ မောင်းပေးဖို့ တာဝန်ရှိတယ်၊ ကားမောင်းခ ဘတ် ၅၀,၀၀၀ ရရမှာဖြစ်ပြီး စရန် ၁၀,၀၀၀ ရထားတယ်၊ ခရီးဆုံးမရောက်ခင် အဖမ်းခံလိုက်ရတာလို့ ဝန်ခံသွားပါတယ်။ တာဝန်ရှိသူတွေက သူ့ကို ချင်းရိုင်းရဲစခန်းမှာ ဖမ်းထားပြီး ကျန်တဲ့ကွင်းဆက်တွေ လိုက်လံစုံစမ်း ဖမ်းဆီးသွားမယ်လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024