ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲရွာအနီး မြေရှားသတ္တုတူးဖော်မှု ဆန္ဒပြတဲ့ ခေါင်းဆောင်ပိုင်းတွေကို စစ်ဆေးနေဆဲဖြစ်ပြီး ဆန္ဒပြမှုမှာပါခဲ့တဲ့ ဒေသခံတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
အဲဒီဆန္ဒပြပွဲဟာ ဖေဖော်ဝါရီ ၅ ရက်နေ့ကဖြစ်ခဲ့တာဖြစ်ပြီး ကေအိုင်အိုက ဗုံးနဲ့ဖြိုခွင်းပြီး ဖမ်းဆီးထားခဲ့တာမှာ ဒဏ်ရာရှိခဲ့တဲ့သူတွေရှိတယ်လို့ သတင်းတွေက ဖော်ပြကြပေမယ့် ကေအိုင်အေ ဘက်ကတော့ အသံမိုင်းခွဲပြီး လူစုခွဲခဲ့တာလို့ဆိုပါတယ်။
အခုလို မြေရှားသတ္တုတူးဖော်ဖို့အတွက် ဒေသခံပြည်သူလူထုရဲ့ သဘောတူညီမှုရရှိပြီးမှ လုပ်ဆောင်တာဖြစ်လို့ ဒီဆန္ဒပြမှုဟာ ဘာကြောင့်ဖြစ်လာတာလဲဆိုတာကို ဦးဆောင်တဲ့သူတွေကို စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဆန္ဒပြမှုအတွင်းမှာ ဗုံးခွဲတိုက်ခိုက်မှုအပြင် ပြည်သူအယောက် ၄၀ ကျော်ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ ဒေသခံပြည်သူတွေ ဘာသာရေးဆရာတွေ သင်းထောက်တွေနဲ့ ကျောင်းဆရာတချို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
မြေရှားသတ္တုတူးဖော်မှုဆန္ဒပြတဲ့ နယ်မြေဟာ ကေအိုင်အေ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။