ကရင်နီ(ကယား) ဒီးမော့ဆို-မော်ချီး-မယ်စဲ့ယာဉ်လိုင်းကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (အိုင်အီးစီ) ရဲ့ ကူးသန်းရောင်ဝယ်ရေး၊ ရင်းနှီမြှုပ်နှံမှုနဲ့ ပို့ဆေင်ဆက်သွယ်ရေးဌာနက ယာဉ်လိုင်း စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း အိုင်အီးစီ က ကြေညာလိုက်ပါတယ်။
ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးနောက် ကားလမ်းတွေပိတ်ကာ အများသုံးသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းတွေ ပိတ်တာ နှစ်နဲ့ချီ ရှိလာပြီးနောက် ပြေးဆွဲတဲ့ ယာဉ်လိုင်းဖြစ်ပါတယ်။
ဒီလိုယာဉ်လိုင်းဖွင့်လှစ်ရတာဟာ ပြည်သူတွေ သွားရေးလာရေး အဆင်ပြေနိုင်ဖို့နဲ့ ကုန်စီပြတ်လျှပ်မှုမရှိရေးနဲ့ ကုန်စီဈေးနှုန်း ဖောင်းပွမှုမရှိအောင် အခုလိုရည်ရွယ်တာဖြစ်ကြောင်း အိုင်အီးစီ သယ်ယူပို့ဆောင်ရေးဌာနခွဲရဲ့ မော်တော်ယာဉ်လိုင်း ဒု-ညွှန်ကြားရေးမှူး တိမ်တိုက်က ပြောပါတယ်။
“ကျနော်တို့ အိုင်အီးစီယာဉ်လိုင် စပြေးဆွဲရခြင်း ရည်ရွက်ချက်ကတော့ ပြည်သူတွေ သွားရေးလာရေး အဆင်ပြေဖို့အတွက်နဲ့ ကုန်စည်ပြတ်လပ်မှုတွေမရှိအောင်၊ ကုန်စည်မှာလည်း ကုန်ဈေးနှုန်း ဖောင်းပွမှုတွေ မရှိအောင် အဓိက ရည်ရွယ်ပြီးတော့ ပြေးဆွဲပေးတာဖြစ်ပါတယ်။”
အိုင်အီးစီယာဉ်လိုင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က စတင်က တပတ်ကို ၂ ရက် တနင်္လာနဲ့ ကြာသပတေး ပြေးဆွဲပေးနေတယ်လို့ ဆိုပါတယ်။
“ယာဉ်လိုင်းမှာကား ၁၀ စီးနဲ့ စတင်ပြေးဆွဲတာရှိတယ်။ ဒီးမော့ဆို၊ မော်ချီး၊ မယ်စဲ့ဆိုပြီးတော့ကာ ၁၀ စီးနဲ့ စတင်ပြေးဆွဲတယ်။ ကျနော်တို့ ဒီးမော့ဆို-မယ်စဲ့အနေနဲ့ လူတယောက်ကို ၃ သိန်းနှုန်းနဲ့ ကောက်ခံတာရှိတယ်။ ဒါပေမယ့် ၅ နှစ်အောက် ကလေးကို အခမဲ့လိုက်စီးခွင့်လုပ်ထားတယ်” လို့ တိမ်တိုက်က ပြောပါတယ်။
ခရီးသည်တဦးကို ကျပ် ၃ သိန်းသတ်မှတ်ရတာဟာ တိုက်ပွဲကာလဖြစ်တာနဲ့ စစ်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့်ဖြစ်ကာ နောက်ပိုင်းမှာ အခြေအနေပေါ်မူမတည်ပြီး သင့်တင်မျှတတဲ့ ဈေးနှုန်းကို လျှောချသတ်မယ်လို့ ဆိုပါတယ်။
ဒါဟာ ကရင်နီပြည် ကြားကာလယာဉ်လိုင်းအနေနဲ့ ပြေးဆွဲတာဖြစ်ပြီး နောက်ပိုင်းမှာလည်း ပုဂ္ဂလိက ယာဉ်လိုင်းတွေ ပြေးဆွဲခွင့်ပြုဖို့ စီစဉ်ထားတာရှိကြောင်းလည်း ပြောပါတယ်။
“လတ်တလောမှာ ပုဂ္ဂလိက ယာဉ်လိုင်းတွေမရှိသေးဘူး။ သို့ပေမဲ့ သက်ဆိုင်ရာ စီမံဘဏ္ဍာရုံးမှာ အခွန်ဆောင်ပြီး ပြည်ထဲရေးရဲ့ လက်မှတ်နဲ့ ပြည်သူတွေ သူတို့ကိုယ်တိုင် ရိက္ခာဝယ်တာ၊ ဈေးဝယ်တာဆိုရင် လက်မှတ်လုပ်ပြီးတော့ သက်ဆိုင်ရာဌာနမှာ အခွန်ဆောင်ပြီး သွားလာခွင့်ရှိနေတာတော့ ရှိပါတယ်။”
ဒီလိုယာဉ်လိုင်းပြေးဆွဲရာ လမ်းကြောင်းတွေမှာ ခရီးသည်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားမှု အခြေအနေကိုလည်း တိမ်တိုက်က “သွားလာရေးမှာတော့ တချို့ မြေပြင်လုံခြုံရေးမှာတော့ ကျနော်တို့ သေချာလေးကို ကြပ်မတ်ထားတာရှိတယ်။ လမ်းမှာ စစ်ကောင်စီဂိတ်တွေတော့ မရှိတော့ဘူး။ ကျတော်တို့ ကရင်နီတပ်ပေါင်းစုတွေရဲ့ ဂိတ်တွေကတော့ လမ်းမှာရှိပါတယ်ဗျာ။ သူတို့ကနေပြီး လုံခြုံရေးကို ကြည့်ကြပ်ပေးတာ ရှိပါတယ်။ ဒါပေမယ့် ဝေဟင်ပေါ့နော်။ လေယာဉ်နဲ့ လာပစ်မယ်ဆိုရင်တော့ ကျနော်တို့ အာမခံချက်မရှိပါဘူး။ မြေပြင်လုံခြုံရေးမှာလည်း တကယ့်တကယ် လမ်းမှာ တိုက်ပွဲဖြစ်လို့ သွားလို့လာလို့ မရသေးဘူးဆိုရင်လည်း အိုင်အီးစီရဲ့ ပြည်ထဲရေးကနေပြီးတော့ ခေတ္တပိတ်တာရှိပါတယ်။ လုံခြုံရေး အဆင်ပြေမ ကျနော်တို့ယာဉ်ကို ပြန်ပေးဆွဲပေးပါတယ်” လို့ ပြောပါတယ်။
အိုင်အီးစီကနေ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာနကို ဖွဲ့စည်းပြီး အရင် ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုက ဌာနမှူးကြီးအနေနဲ့ တာဝန်ယူပြီး ဒုတိယဌာနမှူးကြီး ၄ ဦးကို ခန့်အပ်ထားကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီလိုဖွဲ့စည်းကြောင်း ကြေညာပြီးနောက်မှာတော့ IEC ယာဉ်လိုင်း စတင်ပြေးဆွဲတာဖြစ်ပြီး ဒီယာဉ်လိုင်းကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကို လိုအပ်တဲ့နေရာမှာ ပြန်လည်အသုံးပြုမယ်လို့ ဆိုပါတယ်။