Home
မြန်မာသတင်း
စစ်မှုထမ်းမည့်သူများအတွက် စစ်တပ်ပိုင် အထည်ချုပ်စက်ရုံများ၌ ဝတ်စုံများ အရေးပေါ်ချုပ်နေ
DVB
·
February 19, 2024
SAC Garmet_19022024

စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်နဲ့ စစ်တပ်ပိုင် ချည်မျှင်နှင့်အထည်ချုပ်စက်ရုံတွေမှာ စစ်ယူနီဖောင်းဝတ်စုံတွေကို ဖေဖော်ဝါရီ ၁၆ ရက်ကစတင်ကာ အများအပြား အရေးပေါ် ချုပ်ပေးနေရတယ်လို့ စက်ရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက်  လှိုင်မြို့နယ် ချည်မျှင်နှင့်အထည်ချုပ်စက်ရုံ(သမိုင်း)မှာ စစ်ယူနီဖောင်းတွေကို အများအပြား ချုပ်နေရတာ ဖြစ်တယ်လို့ အထည်ချုပ်စက်ရုံ ဝန်ထမ်းတဦးက ပြောပါတယ်။

“သင်တန်းတက်ဝတ်စုံတွေ ချုပ်နေရတာ ၄ လပိုင်း အလုပ်မပိတ်ခင် ချုပ်ပေးရမှာ၊ သင်တန်းသားတွေအတွက် အထည်ချုပ်အရေအတွက်က များတယ်။ စက်ရုံတခုနဲ့တခု မတူဘူး။”

လှိုင်သာယာမြို့နယ်ရှိ စစ်တပ်ပိုင် ချည်မျှင်နှင့်အထည်ချုပ်စက်ရုံမှာလည်း စစ်သင်တန်းအတွက် ယူနီဖောင်းတွေကို ဖေဖော်ဝါရီ ၁၂ ရက်ကစတင်ကာ အထည်အရေအတွက် တသောင်းနီးပါး ချုပ်နေရတယ်လို့ စက်ရုံဝန်ထမ်းတဦးက ပြောပါတယ်။

“အရင်ကတည်းက စစ်ဝတ်စုံတွေ ချုပ်နေတာ၊ ဒါပေမဲ့ အခုဟာက အရေးပေါ်ချုပ်ပေးရတာ၊ ၄ လပိုင်းမကုန်ခင် ရအောင်ပေးရမှာ၊ တသောင်းနီးပါးလောက်ရှိမယ်။”

ပဲခူးမြို့နယ်ရှိ နယ်မြေခံတပ်ရင်းအတွင်းက ချည်မျှင်နှင့်အထည်ချုပ်စက်ရုံမှာလည်း ပြည်သူ့စစ်ယူနီဖောင်းနဲ့ စစ်မှုထမ်းယူနီဖောင်း နှစ်မျိုးလုံးကို ချုပ်နေရတာဖြစ်တယ်လို စက်ရုံဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပျဥ်ပုံကြီးမှာက ဖွင့်တာ ၂ နှစ်ပဲရှိသေးတယ်။ ၂၀၂၂ ကမှ စဖွင့်တာ။ တပ်မိသားစုတွေပဲ အလုပ်ရတာ။ ပြည်သူ့စစ်ယူနီဖောင်းတွေ ချုပ်ရတာ၊ အခုစစ်သင်တန်းအတွက် ယူနီဖောင်းတွေ ထပ်ချုပ်ရတာ။”

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း အမိန့်ထုတ်ပြီးနောက် စစ်တပ်ပိုင် ချည်မျှင်နှင့်အထည်ချုပ်စက်ရုံတွေကို စစ်ယူနီဖောင်းတွေ အစုံ ၁၄၀,၀၀၀ ချုပ်ဖို့အတွက် ကက(ကြည်း)ရုံးက စာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024