ရုရှားနဲ့ ၂ နှစ်နီးပါးကြာ စစ်ပွဲအတွင်း ငြိမ်းချမ်းရေးအလားအလာတွေကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွေးနွေးခဲ့တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရို ခူလေဘာက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောပါတယ်။
တရုတ်အစိုးရနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကာလကြာရှည် ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ ဆွေးနွေးတာလို့လည်း ပြောပါတယ်။
“အပြန်အလှန်ဆက်ဆံရေး၊ ကုန်သွယ်ရေးနဲ့ ယူကရိန်းမှာ မျှတပြီး ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးကို ပြန်လည်ဆောင်ကြဉ်းနိုင်ရေး လိုအပ်ချက်တွေအတွက် ဆွေးနွေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ကျနော်တွေ့ခဲ့တယ်” လို့ ခူလေဘာက လူမှုကွန်ရက်မီဒီယာ X မှာ ရေးခဲ့ပါတယ်။
မြူးနစ် လုံခြုံရေးညီလာခံမှာ သူတို့ ၂ ဦး ဆွေးနွေးခဲ့ကြတာပါ။ ဆွစ်ဇာလန်က တည်ခင်း ကျင်းပဖို့ သဘောတူခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံအတွက် ယူကရိန်းရဲ့ အစီအမံတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ခူလေဘာက ပြောပါတယ်။
“ကျနော်တို့ ဆက်ဆွေးနွေးဖို့နဲ့ ယူကရိန်း-တရုတ် ထိတွေ့ဆက်ဆံရေးကို အဆင့်တိုင်းမှာ ဆက်ထိန်းသိမ်းထားဖို့ လိုတာကို သဘောတူခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။
ဆွေးနွေးညှိနှိုင်းခြင်းကတဆင့် နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ တရုတ်က ဆက်တွန်းအားပေးသွားမယ်လို့ ဝမ်ယိက ခူလေဘာကို ပြောခဲ့တဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters