ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ ၁၁/၃ မိုင်မှာ ဖေဖော်ဝါရီ ၁၉ ရက်၊ မနက် ၆ နာရီကျော်က ရပ်ထားတဲ့ Express ကားကို ၆ ဘီး ကန်တာယာဥ်က ဝင်တိုက်မိပြီး ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။
ညာတိသင်္ဂဟ အသင်းဝင်တဦးက “ခရီးသည်မပါဘဲ ကုန်တွေတင်ဆောင်ထားတဲ့ အဲ့ဒီ Express ယာဥ်က အခင်းဖြစ်နေရာမှာ ဆီပြတ်လို့ ရပ်ထားတာပါ။ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ၆ ဘီး ကန်တာယာဥ်က အရှိန်များပြီး ဝင်တိုက်မိတာပါ” လို့ ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် ကန်တာယာဥ်ပေါ် လိုက်ပါလာတဲ့ ယာဥ်မောင်း ဦးမန်းအောင်သွင် ၅၄ နှစ် ဝမ်းတွင်းမြို့နေထိုင်သူနဲ့ ဦးနေဝင်းဇော် ၄၃ နှစ် တွံတေးမြို့နယ် နေထိုင်သူတို့နှစ်ဦးဟာ ရရှိဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သူတွေထံက သိရပါတယ်။
အလားတူ ခေါင်းခန်းမှာပဲ လိုက်ပါလာတဲ့ အသက် ၄၀ ကျော် အမျိုးသားတဦးလည်း ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတွေကို ဒေသလူမှုကူညီရေး အသင်းတွေက လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
photo - အမြန်လမ်းမီးတပ်စခန်း