ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်မှ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ဖယ်ရှားလိုက်ပြီး စစ်တပ်က သင်တန်းပေးထားတဲ့ ပျူစောထီးတွေကို အမာခံထားပြီး စစ်မှုထမ်းဟောင်းတွေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး စုစုပေါင်း ရပ်၊ ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်အယောက် ၂၀၀ ကျော်ကို ဖေဖော်ဝါရီ ဒုတိယအပတ်က စတင်ပြီး စစ်မှု ထမ်းဟောင်းတွေ၊ စစ်သင်တန်းပေးထားတဲ့ အရံမီးသတ်တပ် ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေနဲ့ ပြောင်းလဲအစားထိုး ပြင်ဆင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ပထမ သူတို့ခန့်ထားတဲ့ ကြံ့ခိုင်ရေးပါတီက သူတွေအပါအဝင် အကုန်လုံးကိုဖြုတ်ပြီး အသစ်ခန့်တာ။ အုပ်ချုပ်ရေးစနစ် အားကောင်းစေဖို့နဲ့ စည်းကမ်းလိုက်နာမှုရှိစေဖို့ဆိုပြီး ပြောင်းလဲလိုက်တာ။ ပြောင်းတာကတော့ အထက်က အမိန့်နဲ့ပြောင်းလဲတာပါ” လို့ ပြောပါတယ်။
အဖြုတ်ခံရတဲ့ ရပ်၊ ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အချိန် ၂ နှစ်လောက်အကြာမှာ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ စစ်တပ်ကို ငွေထိုးနိုင်သူတွေနဲ့ ရန်ပုံငွေ ရှာဖွေပေးနိုင်တဲ့သူတွေကို ရွေးချယ်ခန့်ထားခဲ့တာလို့ အမှတ် ၁၃ ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတွေက ဆိုပါတယ်။
ပုသိမ်မြို့အမှတ် ၁၃ ရပ်ကွက်က ဒေသခံတယောက်က “ပထမ ခန့်ထားတဲ့သူတွေကလည်း သူတို့အကြိုက်တွေပဲ ခန့်ခဲ့တာ၊ ဘာလို့လဲတော့မသိဘူး။ စစ်တပ်အတွက် ဆိုင်ကယ်တွေကိုဖမ်း၊ အရပ်သားတွေဆီမှာ စစ်တပ်အတွက် ရန်ပုံငွေ ရှာပေးတဲ့အဖွဲ့ပေါ့။ အခုပြောင်းခန့်တဲ့သူတွေက ပစ်ခတ်သတ်ဖြတ်တာ ကျွမ်းတဲ့သူတွေ များတယ်လေ။ စစ်ကောင်စီအတွက် ငွေဘက်က သူတို့ လိုတာရပြီဆိုတော့ လူသတ်ဖို့ ခန့်တာ ဖြစ်လိမ့်မယ်” လို့ ပြောပါတယ်။
ပုသိမ်မြို့အမှတ် ၁၃ ရပ်ကွက်ဟာ အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ ရပ်ကွက်ကြီးတခုဖြစ်ပြီး စစ်ကောင်စီက ဒေသလုံခြုံရေးနဲ့ အရပ်သားတွေကို ပြည်သူ့စစ်မှုထမ်း ခေါ်ဆောင်ဖို့အတွက် အထက်အမိန့်လိုက်နာပြီး အောက်ခြေပြည်သူတွေအပေါ်ဗိုလ်ကျ အနိုင်ကျင့်လုပ်နိုင်တဲ့ ပျူစောထီးတွေနဲ့ စစ်မှုထမ်းဟောင်းတွေကို အမာခံထားပြီး အုပ်ချုပ်ရေးအဖွဲ့ ပြန်လည်အစားထိုးခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမ အပတ်ကလည်း ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်မှာ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၆၂ ယောက်ကို စစ်သင်တန်း မတက်တာကြောင့် မြို့နယ် စစ်ကောင်စီက တာဝန်ကနေ ဖြုတ်ချခဲ့သေးတယ်လို့ သိရပါတယ်။