မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ ဝါးဒက်ကွင်းကျေးရွာ ခမရ ၂၀၇ တပ်နားမှာ ဖေဖော်ဝါရီ ၁၈ ရက်က အမျိုးသား ၁ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုရန်နိုင်စိုးဟာ တံမြတ်စည်းပြုလုပ်ဖို့အတွက် ဝါးဒပ်ကွင်းကျေးရွာ ခမရ ၂၀၇ တပ်နား တောစပ်မှာ ဖေဖော်ဝါ ၁၈ ရက် မနက် ၉ နာရီလောက်က နတ်မြားပင်များ သွားရောက်ချိုးစဉ် မြေမြှုပ်နင်းမိခဲ့တာ ဖြစ်ပါတယ်။
မြေမြှုပ်မိုင်း ပေါက်ကွဲတာကြောင့် ကိုရန်နိုင်စိုးဟာ ညာဘက်ခြေထောက် ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်မေးရိုးပေါက်ပြဲဒဏ်ရာ၊ ယောက်ျားအင်္ဂါပေါက်ပြဲ ဒဏ်ရာနဲ့ ဘယ်ဘက်ခြေထောက်ပြတ်ဒဏ်ရာတို့ ရရှိခဲ့ပါတယ်။
ဝါးဒက်ကွင်းဒေသခံတဦးက “တံမြတ်စည်းလုပ်ဖို့ တောထဲ နတ်မြားသွားချိုးတဲ့အချိန် မိုင်းနင်းမိသွားတာပါ။ ဘယ်ဘက်ခြေထောက်က ဒူးအောက်ဖြတ်လိုက်ရတယ်။ ကျန်တဲ့ ဒဏ်ရာတွေလည်းများတယ်၊ အသက်အန္တရာယ်စိုးရိမ်ရပါတယ်” လို့ပြောပါတယ်။
ကိုရန်နိုင်စိုးနင်းမိတဲ့ မြေမြှုပ်မိုင်းကို KNU/PDF ပူးပေါင်းတပ်ဖွဲ့တွေ ထောင်ထားတယ်ဆိုပြီး စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာဖော်ပြထားပေမယ့် စစ်တပ်နားမှာ PDF တွေ မိုင်းထောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျိုက်ထို ပကဖသတင်းပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“အခင်းဖြစ်တဲ့နေရာက ခမရ ၂၀၇ တပ်နားက ကျောက်မိုင်းဟောင်းမှာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက အဲဒီနေရာနားအထိ မိုင်းသွားထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်မစီးနိုင်အောင် စစ်ကောင်စီအရာရှိတွေက စစ်တပ်နားတွေမှာ မိုင်းထောင်ထားဖို့ ညွှန်ကြားထားတယ်လို့ ကျနော်တို့ သိထားပါတယ်။ တော်လှန်ရေးအဖွဲ့တွေရော KNU အဖွဲ့တွေပါ အဲဒီမှာ မိုင်းထောင်တာ လုံးဝမရှိပါဘူး” လို့ ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ကိုရန်နိုင်စိုးအား လူမှုကူညီရေးအသင်းတခုက သိမ်ဇရပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဝါးဒက်ကွင်းကျေးရွာမှာ ၂၀၂၃ ဇူလိုင် ၂၈ ရက်ကလည်း နွားကျောင်းသွားတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတဦး မြေမြှုပ်မိုင်းနင်းမိပြီး အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးခဲ့ပါတယ်။