မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မှာ ပျူစောထီးစစ်ကြောင်းက ဖမ်းဆီးထားတဲ့ အရပ်သား ၁၉ ဦးကို ဖေဖော်ဝါရီ ၁၈ ရက်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအရပ်သားတွေကို ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက မြောက်ခင်ရန်း ပျူစောထီးကျေးရွာကနေ တခြားရွာတွေဘက် စစ်ကြောင်းထိုးနေတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲ သင်တောရွာက အများဆုံးဖြစ်ပြီး တောင်ခင်ရန်းကျေးရွာက ၁ ဦးနဲ့ ရွှေဘိုရွာက ၁ ဦးလည်း ပါဝင်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား ၂ ဦးဖြစ်ပြီး သူတို့ကို မြောက်ခင်ရန်း ကျေးရွာဘက် ခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အားလုံး ၁၉ ဦး ဖမ်းဆီးခံထားရတယ်။ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး အများစုပေါ့၊ ကလေးအရွယ်တွေလည်း ပါတယ်။ သူတို့သတင်းက မနေ့ကအထိတော့ ရိက္ခာနဲ့ ပြန်လဲမယ်လို့ ဆက်သွယ်လာတယ်ကြားတယ်။ အတိအကျတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်ကလည်း အဲဒီစစ်ကြောင်းက ဂန့်ဂေါမြို့နယ် စမ်းမြို့ရွာ စာသင်ကျောင်းနဲ့ စစ်ဘေးရှောင်တဲတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “စစ်ကြောင်းက ရွှေဘိုနဲ့ ရွှေဘိုက စားသောက်ကုန်တွေကို ဖောကားတွေ၊ လိုက်ထရပ်တွေနဲ့ သယ်သွားတယ်။ မြောက်ခင်ရန်းအရှေ့ဘက်က စမ်းမြို့ဆိုတဲ့ ရွာကိုလည်း စစ်ကြောင်းထိုးပြီး ရွာစာသင်ကျောင်းနဲ့ စစ်ဘေးရှောင်တဲတွေကို မီးရှို့သွားတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ပျူစောထီးစစ်ကြောင်းက ဂန့်ဂေါမြို့နယ်အတွင်းက အမျိုးသား ၁၀ ဦးကို PDF လို့ စွပ်စွဲပြီး သတ်ဖြတ်ခဲ့ပါတယ်။