ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးတွေမှာ စစ်ရှောင်ပြည်သူတွေကို လှူဒါန်းဖို့ဆိုပြီး ဈေးရောင်းချသူတွေဆီကနေ ကျပ် ၁၀,၀၀၀ မှ ကျပ် ၅၀,၀၀၀ အထိ ကောက်ခံနေတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းအချိန်ကစတင်ပြီး ဈေးခေါင်းရုံးက စည်ပင်ဝန်ထမ်းတွေနဲ့ ဈေးကော်မတီအဖွဲ့ဝင်တွေက လိုက်လံကောက်ခံနေတဲ့အတွက် ဈေးရောင်းချသူတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဈေးရောင်းချသူတဦးက “ကျမတို့က ဆိုင်ခန်းမရှိဘူး။ ဈေးဗန်းခင်းပြီး ခြံထဲက အသီးအနှံလေးတွေကို ဈေးကောက်ပေးပြီး လာရောင်းတာ။ တနေကုန် ရောင်းမှ သူတို့ တောင်းသလောက်တောင် အမြတ်ငွေရတာ မဟုတ်ဘူး။ နောက်ရက် လာမရောင်းဝောာ့ဘူး” လို့ ပြောပါတယ်။
စစ်ရှောင်တွေကို ကူညီရန်ဖို့ဆိုပြီး ငွေကြေးကောက်ခံနေပေမဲ့ ဘယ်ဒေသကို သွားရောက်လှူဒါန်းမယ်ဆိုတာ ပြောဆိုတာမျိုးမရှိဘဲ ကျပ်ငွေတမျိုးတည်းသာ ကောက်ခံပြီး အသုံးအဆောင်နဲ့ အစားအသောက်တွေ လှူဒါန်းလို့မရဘူးလို့ သိရပါတယ်။
ဈေးခေါင်းရုံးနဲ့ နီးစပ်သူတဦးက “ဈေးလေးတွေက သိန်း ၂၀ ကောက်ပေးရမယ်။ မြို့မဈေးကြီးကတော့ သိန်း ၄၀ ကောက်ပေးရမယ်လို့ သိရတယ်။ ဘယ်သူက ကောက်ခိုင်းတာလည်းတော့ မသိရဘူး။ မပေးမနေရပုံစံမျိုးနဲ့ လိုက်ကောက်နေရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဈေးဆိုင်ခန်းဖွင့်ပြီး အသားငါးနဲ့ ကုန်မာပစ္စည်း ရောင်းချနေသူများက ကောက်ခံတဲ့ငွေကို ပေးနိုင်သူတွေရှိပေမဲ့ အသီးအရွက်နဲ့ မြန်မာအစားအစာ ရောင်းချနေသူတွေက သတ်မှတ်ချက်နဲ့ ကောက်ခံနေတဲ့ငွေကို မပေးနိုင်လို့ ဈေးရောင်းချသူအများစုက ဆက်လက်ဈေးမရောင်းတော့ဘဲ ပြန်သွားကြတယ်လို့ သိရပါတယ်။
ပြည်မြို့နယ်အတွင်း မြို့မဈေးကြီး ၁ ဈေးနဲ့ ရပ်ကွက်ဈေး ၇ ဈေးအထိရှိပြီး အများစုက ဈေးဆိုင်ခန်းတွေနဲ့ မရောင်းချနိုင်လို့ ဈေးအတွင်းလမ်းတွေမှာ ဗန်းခင်းပြီး ရောင်းချနေသူတွေ အများဆုံးဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။