အစ္စရေးဓားစာခံအားလုံးကို မတ်လ ၁၀ ရက်နောက်ဆုံးထားပြီး လွှတ်မပေးဘူးဆိုရင် ဂါဇာကမ်းမြောင်က ပါလက်စတိုင်းဒုက္ခသည် ၁ သန်းခွဲလောက်ရဲ့ နောက်ဆုံးခိုလှုံရာ ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်ရလိမ့်မယ်လို့ အစ္စရေး စစ်ကာလအစိုးရအဖွဲ့ဝင်၊ ဌာနလက်ကိုင်မရှိဝန်ကြီး ဘင်နီဂန့်ဇ်က ဖေဖော်ဝါရီ ၁၈ ရက်မှာ သတိပေးလိုက်ပါတယ်။
ဒါဟာ ရာဖာမြို့ကို အစ္စရေးတပ်တွေ ဘယ်အချိန်ဝင်တိုက်မယ် ဆိုတာနဲ့ ပတ်သက်ပြီး ပထမဆုံး ပြောကြားချက် ဖြစ်ပါတယ်။
အစ္စရေးရဲ့ စစ်ကာလအစိုးရအဖွဲ့မှာ ကာကွယ်ရေး၊ စစ်ရေးနဲ့ပတ်သက်တဲ့ ထိပ်တန်းခေါင်းဆောင်တွေ ပါဝင်ပြီး လက်ရှိ ဌာနလက်ကိုင်မရှိဝန်ကြီး ဆိုပေမဲ့ ဂန့်ဇ်ဟာ အရေးပါတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။
စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ဒုဝန်ကြီးချုပ်၊ အလှည့်ကျဝန်ကြီးချုပ် တာဝန်တွေ ရယူဖူးသူလည်း ဖြစ်ပါတယ်။
ဂန့်ဇ်က “ရာမာဒန်ဥပုသ်လ ရောက်လို့မှ ဓားစာခံတွေ အိမ်ပြန်မရောက်ရင် တိုက်ခိုက်မှုတွေက နေရာတိုင်း ရှိလာမှာဖြစ်ပြီး ရာဖာဧရိယာပါ ပါဝင်တယ်ဆိုတဲ့ အချက်ကို ကမ္ဘာကြီးသိထားဖို့၊ ဟားမတ်စ်ခေါင်းဆောင်တွေ သိထားဖို့လိုပါတယ်” လို့ သတိပေးလိုက်ပါတယ်။
မွတ်စလင်တွေရဲ့ ရာမာဒန်ဥပုသ်လဟာ ဒီနှစ်မှာ မတ်လ ၁၀ ရက်နေ့မှာ စမှာဖြစ်ပါတယ်။ အစ္စရေးဟာ အရပ်သား အသေအပျောက်နည်းအောင် အမေရိကန်၊ အီဂျစ်တို့နဲ့ ညှိနှိုင်းပြီး အရပ်သားတွေ ခေါ်ထုတ်ရေး အဆင်ပြေချောမွေ့အောင် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဂန့်ဇ်က ပြောပါတယ်။
ရာဖာမြို့မြောက်ဘက် ခန်ယူနစ်မြို့က ဖွင့်လှစ်ထားနိုင်ဆဲ အကြီးဆုံးဖြစ်တဲ့ နက်ဆာဆေးရုံ ကိုလည်း အစ္စရေးက ဝင်စီးပြီးနောက်ပိုင်းမှာ လည်ပတ်နိုင်စွမ်း မရှိတော့ဘူးလို့ ၁၈ ရက်နေ့မှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာပါတယ်။
Source/Photo-Reuters