ရန်ကုန်-ကျောက်ဖြူ လေယာဉ်နဲ့ လိုက်ပါလာတဲ့ ခရီးသည် ၆၆ ဦးကို စစ်ကောင်စီတပ်က ကျောက်ဖြူလေဆိပ်မှာ ဖေဖော်ဝါရီ ၁၈ ရက်က ဖမ်းဆီးထားပြီး ရမ္မာဝတီခန်းမမှာ စစ်ဆေးနေတယ်လို့ ဖမ်းဆီးခံထားရသူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဖမ်းဆီးခံထားရသူအများစုမှာ ကျောင်းသားလူငယ်တွေဖြစ်ကြောင်းနဲ့ အခုလို ဖမ်းဆီးထားတာကြောင့် များစွာစိုးရိမ်ပူပန်နေရတယ်လို့ ဖမ်းဆီးခံထားရသူတယောက်ရဲ့ မိခင်က ပြောပါတယ်။
“စိတ်ပူတာပေါ့။ ကျမသားက ရန်ကုန်မှာ ကျောင်းတက်ပြီးပြန်လာတာပါ။ ဘာနိုင်ငံရေးမှလဲ လုပ်တာ မဟုတ်ဘူး။ တွေ့ခွင့်လည်း မပေးသေးပါဘူး။ အခုထိ ခန်းမအပြင်က ကားလမ်းမပေါ်မှာ စောင့်နေရတယ်။ ခုထိလည်း ဘာမှမစားရသေးဘူးလို့ ကြားတယ်။ အပြင်ကလည်း ပေးလို့မရဘူး။”
ရန်ကုန်-ကျောက်ဖြူ မြန်မာ့လေကြောင်းလိုင်းနဲ့ အမျိုးသား ၃၆ ဦး၊ မျိုးသမီး ၃၀ ဦးတို့ လိုက်ပါလာတဲ့ လေယာဥ်ဟာ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၅ နာရီကျော်မှာ ကျောက်ဖြူလေဆိပ်ကို ဆိုက်ရောက်လာခဲ့ရာမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ကျောက်ဖြူခရိုင်ထွေအုပ်ရုံးနဲ့ နီးစပ်သူတဦးက “ဖုန်းတွေ၊ ထောက်ခံချက်တွေ ပြီးတော့ ဘာအလုပ် လုပ်တယ်ဆိုတာတွေကို စစ်နေတာပါ။ အခုနောက်ပိုင်းက လေယာဥ်စီးရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာတွေလည်းလိုတော့ အဲဒါတွေကို စစ်ဆေးနေတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အခုလ ဖေဖော်ဝါရီ ၁၅ ရက်က စပြီး ကျောက်ဖြူ-ရန်ကုန် လေယာဥ်ခရီးစဥ်တွေမှာ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ကျောင်းတက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုသာ စီးခွင့်ပြုမယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။