တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ နင်ရှားဟွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြို့အတော်များများမှာ ဖေဖော်ဝါရီ ၁၈ ရက်က ဆိုးရွားပြင်းထန်တဲ့ သဲမုန်တိုင်း တိုက်ခတ်ခဲ့လို့ မြင်နိုင်စွမ်း ကျဆင်းခဲ့တယ်လို့ တရုတ်အစိုးရ မီဒီယာ CCTV က ထုတ်ပြန်ပါတယ်။
မြို့တော်ယင်ချွမ် အပါအဝင် ဒေသတွင်း မြို့အတော်များများက အဆောက်အဦတွေနဲ့ လမ်းတွေကို အဝါရောင် တိမ်လွှာအထူကြီးက ဖုံးလွှမ်းထားတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို စီစီတီဗီက ထုတ်လွှင့်ခဲ့ပါတယ်။
သဲမုန်တိုင်းကဖုန်တွေကြောင့် မြင်နိုင်စွမ်း ပေ ၁,၆၄၀ ထိ ကျဆင်းခဲ့တယ်လို့ အစိုးရရုပ်သံက ပြောပါတယ်။
သဲမုန်တိုင်းက နောက်ထပ် ရက်အနည်းငယ် ဆက်ကြာနိုင်တယ်လို့ သတိပေးရင်း လိမ္မော်ရောင်အဆင့် တပ်လှန့်သတိပေးချက်ကို တရုတ်နိုင်ငံ မိုးလေဝသဗျူရိုက ထုတ်ပြန်ထားပါတယ်။
ရှင်းကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာတော့ နှင်းတွေ အကြီးအကျယ် ကျဆင်းခဲ့လို့ အဓိက အဝေးပြေးလမ်းမကြီးတွေကို အာဏာပိုင်တွေက ယာယီပိတ်ထားခဲ့ရတာပါ။
ဒါကြောင့် နှစ်သစ်ကူးခရီးစဉ်ကနေ အိမ်ပြန်သူတွေ သောင်တင်ခဲ့တယ်လို့ CCTV က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောပါတယ်။
ရှင်းကျန်းပြည်နယ်တခုတည်းမှာ နှင်းတွေ အကြီးအကျယ်ကျနေလို့ အဝေးပြေးလမ်း ၄၃ ခုထက်မနည်းကို ပိတ်ထားရတယ်လို့ ပြောပါတယ်။
သောင်တင်နေတဲ့ ခရီးသည်တွေကို ယာဉ်ထိန်းရဲတွေက ဘေးကင်းရာ ရွှေ့ပေးနေရပြီး ကားတွေကို ဘေးကင်းရာဆီ လမ်းညွှန်ပေးခဲ့ပါတယ်။
အအေးလှိုင်းဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားကို ဒီသီတင်းပတ်ကုန်ရက်မှာ တိုက်ခတ်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
တောင်ထူတဲ့ အော်တေဒေသမှာ နှင်းထုပြိုကျမယ့် အလားအလာ ရှိတယ်လို့ ရှင်းကျန်းဒေသ မိုးလေဝသဗျူရိုက ကြာသပတေးနေ့တည်းက သတိပေးထားပါတယ်။
Source/Photo-Reuters