မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၆၅ လမ်းနဲ့ ၆၆ လမ်းကြားနဲ့ ၁၂ လမ်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ပတ်စပို့ရုံးမှာ ဖေဖော်ဝါရီ ၁၉ ရက် မနက်အစောပိုင်း ၂ နာရီ ၃၅ မိနစ်လောက်က နိုင်ငံကူးလက်မှတ် ပတ်စပို့ တန်းစီတိုးကြရာက လူအုပ်ပိ အသက်ရှူကြပ်ပြီး အမျိုးသမီး ၂ ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
လူအုပ်ပိမိပြီး မေ့မြောနေတဲ့ အမျိုးသမီးတွေကို နန်းတော်ရှေ့အသင်းက လူနာတင်ယာဉ်တွေနဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
မြို့ခံလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “လူအုပ်ပိပြီး အသက်ရှူကြပ်တာက ဖြစ်တုန်းက ၄၊ ၅ ယောက် ဖြစ်တာ။ ၃ ယောက်ကတော့ ဒဏ်ရာပြင်းသွားပြီး ဆေးရုံပို့လိုက်ရတာ။ ၂ ယောက်ဆုံးသွားတယ်။ ၁ ယောက်ကတော့ အသက်ရှင်တယ်၊ ဆေးကုသမှု ခံယူနေပါတယ်။ ညက တန်းစီသူက လူ ၁၀၀၀ နီးပါးလောက်ပဲ ရှိတယ်။ အရင်နေ့တွေကထက် လူနည်းတယ်။ လူနည်းတဲ့နေ့ပဲ ဖြစ်သွားတာ။ သူတို့က နေရာပွဲစားတွေပါ။ တနေ့ ၁ သိန်းခွဲလောက်အထိ ရကြတယ်”လို့ ဆိုပါတယ်။
ဆေးရုံအရောက်မှာ အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်မျိုးအေး၊ အသက် ၃၉ နှစ်အရွယ် ဒေါ်ခိုင်ဝေတို့မှာ သေဆုံးသွားခဲ့ပြီး အသက် ၅၃ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းမှာ အသက်ရှင်ခဲ့ပါတယ်။
အဲဒီအမျိုးသမီး ၃ ယောက်စလုံးဟာ နိုင်ငံကူးလက်မှတ် ပတ်စပို့စာအုပ်လာလုပ်ကြသူတွေ မဟုတ်ဘဲ အခကြေးငွေနဲ့ လူတန်းစီပေးကြသူတွေလို့ သိရပြီး အောင်မြေသာစံ၊ ညောင်ကွဲရပ်မှာ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။