ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့က Hotel M2 ရှေ့မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲကျော်က သေနတ်ပစ်ခတ်ခံရလို့ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟိုတယ်မှာတည်းခိုဖို့လာတဲ့ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို ဟိုတယ်ရှေ့နားမှာ ဆိုင်ကယ်စီးလာတဲ့ လူ ၂ ယောက်က ပစ်ခတ်သွားတာဖြစ်ပြီး ဟိုတယ်ဝန်ထမ်းတယောက်ကိုပါ ထိသွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဟိုတယ်ရှေ့မှာ ရပ်နေတဲ့ ၂ ယောက်ကို ဆိုင်ကယ်စီးလာတဲ့ ၂ ယောက်ထဲက နောက်ကလူ ပစ်သွားတာပါ” လို့ ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ အမျိုးသားကသေဆုံးသွားပြီး အမျိုးသမီးနဲ့ ဟိုတယ်ဝန်ထမ်း တယောက်ကတော့ ပေါင်ကို ထိသွားပြီး ဒဏ်ရာရတယ်လို့ သူက ဆိုပါတယ်။
သေဆုံးသွားတဲ့အမျိုးသားဟာ နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့ဝင်လို့ သိရပြီး ထိခိုက် ဒဏ်ရာရသွားတဲ့ အမျိုးသမီးကလည်း ပြည်သူ့စစ်မိသားစုဝင် ဖြစ်သလို လာရောက်ပစ်ခတ်သူ ၂ ယောက်ဟာလည်း ပြည်သူ့စစ်အဖွဲ့က ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
မူဆယ်မြို့ဟာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားရာနေရာဖြစ်ပြီး ပြည်သူ့စစ် အဖွဲ့ပေါင်း ၂၀ ဝန်းကျင်အပြင် လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်တဲ့ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး ဓားပြတိုက်၊ ပြန်ပေးဆွဲတဲ့အဖွဲ့တွေလည်းရှိသလို ပြန်ပေးဆွဲမှု၊ ခိုးမှု၊ ဓားပြတိုက်မှုအပြင် ပစ်ခတ်မှုတွေလည်း မကြာခဏ ဖြစ်ပွားပြီး သေဆုံးရသူတွေ အများအပြား ရှိဖူးပါတယ်။