ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ဘေးရှောင်တွေလည်း အကူအညီလိုအပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကစလို့ ကျင်ဒွေးမြို့မှာ တိုက်ပွဲဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ ကျင်ဒွေးမြို့ကို ဘယ်သူမှ မသိမ်းပိုက်နိုင်သေးဘူးလို့ သိရပါတယ်။
CDF ကန်ပက်လက်နဲ့ နီးစပ်သူတယောက်က “မြို့ကတော့ အခုထိ သိမ်းနိုင်တဲ့ အခြေအနေမရှိသေးဘူး၊ ပုံမှန်ပဲသွားနေတယ်။ နေ့တိုင်းလိုတော့ ပစ်နေတယ်။ တိုက်ပွဲအရှိန်မြင့်ချိန်ဆိုရင်တော့ လေယာဉ်နဲ့ ဂျက်ဖိုက်တာတွေ Mi 35 တွေနဲ့ ပုံမှန်လာကြဲနေတယ်။ အစိုးရအဆောက်အဦတွေပေါ့။ ကျောင်းဆောင်နဲ့ ရဲတွေနေတဲ့ ၃ ထပ်တိုက်ရှိတယ်။ အဲဒီအနီးအနားတွေမှာပဲ အကာအကွယ်တွေတည်ဆောက်ပြီးမှ သူတို့က ခုခံနေတယ်။ ကာကွယ်ရေးဘက်ကလည်း အနီးကပ် အချိန်ပြည့် စောင့်ကြည့်နေတဲ့သဘောပေါ့။ တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်” လို့ ပြောပါတယ်။
ကျင်ဒွေးမြို့ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာ ၁၅ ရွာလောက်က ပြည်သူတွေဟာလည်း တိုက်ပွဲစတင်ဖြစ်ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ဒေသခံပြည်သူတွေဟာ စစ်ရှောင်ကာလ ၂ လနီးပါးကြာမြင့်လာပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတယောက်က “ပြည်သူတွေကတော့ တော၊ ဥယျာဉ်၊ တောင်ယာတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေနေရတယ်။ တိုက်ပွဲကလည်း ဖြစ်လိုက် နားလိုက်ပေါ့။ ကလေးတွေကိုတော့ ပညာရေး မစီစဉ်ပေးနိုင်သေးဘူး။ ကျွေးဖို့တောင်မနည်း၊ ဆန်ဆီဆားနဲ့ ဟင်းချက်စရာတွေလည်းလိုတယ်” လို့ ပြောပါတယ်။
ကျင်ဒွေးမြို့ကို စစ်ကောင်စီက နေ့တိုင်းနီးပါး လေကြောင်းတိုက်ခိုက်နေပြီး မြို့တဝက်နီးပါး ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောကြပေမဲ့ သီးခြားတော့ အတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကရော ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကပါ ထိခိုက်ကျဆုံးတာတွေရှိပေမဲ့ နှစ်ဖက်လုံးက တရားဝင်ထုတ်ထားတာ မရှိပါဘူး။