ဂျပန်နိုင်ငံဟာ မနှစ်က လွှတ်တင်စဉ်က မအောင်မြင်ခဲ့တဲ့ မျိုးဆက်သစ် H3 ဒုံးပျံ ကို ဖေဖော်ဝါရီ ၁၇ ရက်မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။
ဂျပန်အာကာသစူးစမ်းရေးအေဂျင်စီ (ဂျာဇာ) အတွက်တော့ ဒီနှစ်ထဲမှာ ဒုတိယမြောက်အောင်ပွဲ ဖြစ်ပြီး ဇန်နဝါရီလကလည်း ဂျပန်လဆင်းယာဉ်ဟာ လပေါ်မှာ နေရာအတိအကျဆင်းသက်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အာကာသစူးစမ်းလေ့လာရေးနယ်ပယ်မှာ အဓိက ပလေယာ တယောက်မဟုတ်တဲ့ ဂျပန်ဟာ တရုတ်ကို တန်ပြန်ဖို့ အမေရိကန်နဲ့ပူးပေါင်းပြီး အစီအစဉ်တွေ ပြန်လည် အသက်သွင်းနေတာ ဖြစ်ပါတယ်။
H3 ဒုံးပျံကို ဒေသစံတော်ချိန် ၉ နာရီ ၂၂ မိနစ်မှာ အောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့ပြီး လမ်းကြောင်းမှန်အတိုင်း ထွက်ခွာသွားနိုင်တယ်လို့ ဆိုပါတယ်။
သယ်ဆောင်လာတဲ့ မိုက်ခရိုဂြိုဟ်တု ၂ လုံးနဲ့ ဂြိုဟ်တုနမူနာ တခုကိုလည်း ရည်ရွယ်တဲ့အတိုင်း လွှတ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
H3 ဟာ ဆယ်စုနှစ် ၂ ခုကြာပြီဖြစ်တဲ့ H-IIA ဒုံးပျံနေရာ အစားဝင်မှာဖြစ်ပြီး စျေးသက်သာပြီး ဝန်တင်အားကောင်းတဲ့အတွက် ကမ္ဘာတလွှားက မှာယူသုံးစွဲကြမယ်လို့ ဂျာဇာနဲ့ အဓိက ကန်ထရိုက်တာ မစ်ဆူဘီရှီအကြီးစားစက်မှုလုပ်ငန်းတို့က မျှော်လင့်ထားပါတယ်။
Source/Photo - KYODO | Credit: via REUTERS