ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ပြောင်းရွှေ့သွားပြီးနောက် မအီချောင်းတံတားနဲ့ ကျောက်ကြီးပေါက်ချောင်းတံတားတို့ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ညနဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းတို့မှာ စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအီမြို့က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ရင်းတွေဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို ရွှေ့ပြောင်းသွားပြီးနောက်မှာ ဒေသခံတွေ လမ်းပန်းဆက်သွယ်ရေး လုပ်လို့မရနိုင်အောင် တံတား ၂ စင်းကို တမင်တကာ ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။
မအီမြို့ခံတယောက်က “မနေ့ ညနေက မအီတံတားကို မိုင်းခွဲလိုက်တယ်။ မနက်ပိုင်းတော့ ကျောက်ကြီးပေါက်တံတားကိုပါ စစ်ကောင်စီဘက်ကနေ မိုင်းဆွဲ လိုက်တယ်။ မနေ့ နေ့လယ်ပိုင်းလောက်ကနေ လက်နက်တွေ၊ တပ်မိသားစုတွေ အကုန်လုံး အမ်းဘက်ကို ပြောင်းသွားကြတယ်။ မိုင်းဆွဲလိုက်တာက သူတို့နောက်ကို လိုက်မလာနိုင်အောင်လို့ ဖျက်ဆီးလိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။
အရှည်ပေ ၁,၀၀၀ ကျော် ရှိတဲ့ ဒီတံတား ၂ စင်းဟာ တောင်ကုတ်-အမ်း-စစ်တွေ ကာလမ်းမပေါ်မှာရှိပြီး အမ်းကနေ တောင်ကုတ်မြို့ဘက်ကို လာတဲ့အခါ မဖြစ်မနေ အသုံးပြုရတဲ့ တံတားတွေဖြစ်ပါတယ်။
ဒေသခံတယောက်က “အဓိက ကတော့ တံတားကိုချိုးလိုက်တာက အေအေတွေ အမ်းဘက်ကို လာလို့မရအောင်၊ အမ်းဘက်ကို ကုန်းလမ်းအပါအဝင် ရေကြောင်းနဲ့ပါ လုံးဝလာလို့မရအောင်၊ တိုက်ပွဲတွေဖြစ်လို့ရှိရင်လည်း ဒေသခံတွေအနေနဲ့ အနီးအနားကို ရှောင်လို့မရအောင် စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။
ဒီလို ကူးသန်းသွားလာရေးအတွက် အဓိက အရေးပါတဲ့ တံတား ၂ စင်း ပျက်စီးသွားတဲ့အတွက် ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ အပါအဝင် ရမ်းဗြဲ၊ တောင်ကုတ် စတဲ့ မြို့တွေသွားလာရေးအတွက် လမ်းတွေ သုံးလို့မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အနှံ့မှာ ကူးသန်းသွားလာရေးအတွက် အချက်အချာကျတဲ့ လမ်းတံတားတွေ တမင်တကာရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေပြီးတော့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း စစ်တွေမြို့က မင်းချောင်းတံတားကို မိုင်းခွဲဖျက်ဆီးလိုက်တဲ့အပြင် ကျောက်တော်မြို့က ကစ္ပနဒီတံတားကိုလည်း လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူလူထုတွေပိုင်တဲ့ လမ်း၊ တံတားတွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ နေအိမ် အဆောက်အအုံတွေအပါအဝင် သမိုင်းဆိုင်ရာ အထောက်အထားတွေကိုပါ တိုက်ခိုက်ဖျက်ဆီးနေပါတယ်။