ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့အသီးသီးမှ ဒဏ်ရာရစစ်သည်တွေနဲ့ မိသားစုဝင်တွေကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေနဲ့ အနုညာရှင်တချို့က သွားရောက်ထောက်ပံ့အားပေးခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေး ကျော်နေဝင်း၊ ဇွဲနေဝင်းနဲ့ အနုပညာရှင် ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ ယဥ်လတ်တို့ ငွေကြေး ထောက်ပံ့မှုတွေရှိတယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သူတို့က နည်းနည်းလှူပြီး များများပြန်ယူတာ တပ်က အခုချိန်မှာ ခရိုနီတွေအားကိုးနေရတဲ့အချိန် အေးနေဝင်းတို့ ညီအစ်ကိုတွေက လှူဖို့တန်းဖို့ ဆော်သြပေးသူတွေပေါ့ တော်ရုံ ဗိုလ်မှူးကြီးတွေ ဗိုလ်ချုပ်တွေထက်သူတို့က ပိုအာဏာရှိတယ် ဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်မှာ အေးနေဝင်းတို့ရှိတယ်။”
အလားတူ စစ်ကောင်စီက ကျောက်တော်တပ်နယ်ကနေ ရဟတ်ယာဥ်နဲ့ ခေါ်ဆောင်လာတဲ့ တပ်ရင်း၊ တပ်မအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေကိုလည်း ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ ယဥ်လတ်စတဲ့ အနုပညာရှင်တွေက နေပြည်တော်မှာ လာရောက်တွေ့ ဆုံအားပေးခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေဟာ ပြီးခဲ့တဲ့လတွေက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေမြောက်တိုင်း စစ်ဌာနချုပ်ကို သိန်းနဲ့ထောင်ချီကာ လှူဒါန်းခဲ့ပါတယ်။