ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မူးယစ်ဆေးသုံးစွဲထားသူ ၉၅ ယောက်ကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)က စစ်ဆေးတွေ့ရှိ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒီကေဘီအေ အရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီကေဘီအေတပ်ဖွဲ့က ဦးစီးပြီး ရပ်ရွာလူကြီးတွေနဲ့ ပူးပေါင်းကာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်း ပထမဆုံးအကြိမ်အဖြစ် မြဝတီ-ဝေါလေကားလမ်းမှာ ဂိတ် ၃ နေရာချပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စတင်စစ်ဆေးရာ မူးယစ်ဆေးသုံးစွဲထားသူတွေကို စစ်ဆေးတွေ့ရှိ ဖမ်းဆီးနိုင်ခဲ့တာပါ။
မနေ့က မြဝတီမြို့တောင်ဘက် ကစောဝါးလေးဂိတ်၊ လူခို့ဂိတ်၊ သီဘောဘိုးနဲ့ ဆုံဆည်းမြိုင်အကြား သုံးနေရာကို ပထမဆုံး စစ်ဆေးခဲ့တာပါ။ ဆီးစစ်ရာမှာတော့ မူးယစ်ဆေးသုံးစွဲသူအများစုကို စစ်ဆေးတွေ့ရှိ ဖမ်းဆီးနိုင်ပေမဲ့ မူးယစ်ဆေးတွေကိုတော့ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့လည်း ဒီကေဘီအေကနေ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်မှာ မူးယစ်ဆေးဝါးတွေ ပေါများတာကြောင့် ကရင်လူငယ်တွေ အနာဂတ် မပျောက်အောင် တားဆီးအရေးယူတာနဲ့ ပပျောက်တဲ့အထိ စစ်ဆေးအရေးယူမှုတွေ ရှေ့ဆက်လုပ်ဆောင်မယ်လို့ ဒီကေဘီအေ အရာရှိက ပြောပါတယ်။