ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှာ ဖေဖော်ဝါရီ ၁၆ ရက် မနက်က Express ယာဉ်တစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ၁ ယောက် သေဆုံး၊ ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ် ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ အဖွဲ့တွေဆီက သိရပါတယ်၊၊
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၁၀ နာရီ ၃၈ မိနစ်လောက်က ဖျာပုံမြို့နဲ့ ၃ မိုင် အကွာလောက် ဖျာပုံ-ကျိုက်ကလက် လမ်းမပေါ်မှာ Express ယာဉ်တစီးဟာ အရှိန်လွန် တိမ်းမှောက်ခဲ့ပြီး မြောင်းထဲထိုးကျခဲ့တာလို့ ဆိုပါတယ်။
“မှောက်တဲ့ယာဉ်က ဖျာပုံ-ရန်ကုန် ပြေးဆွဲနေတဲ့ သီဟနိုင် Express ယာဉ်ပါ။ ၁ ယောက်က ပွဲချင်းပြီး ဆုံးသွားတယ်၊ ၈ ယောက်က ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့တာ။ ၈ ယောက်ထဲက ၃ ယောက်က ဒဏ်ရာတွေပြင်းတယ်၊ ဆေးရုံ တင်ပို့ထားပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ သိရတယ်” လို့ ကူညီကယ် ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တဲ့ ပရဟိတ အဖွဲ့ဝင်တယောက်က ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့နေရာကို ဖျာပုံမြို့နယ် ပဲ့တင်သံပရဟိတအသင်း၊ ဖျာပုံခရိုင် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်က သေဆုံးရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူတွေကို ကရုဏာရှင် ၁၄ လှုမှုကူညီရေးအသင်း နဲ့ တခြားလူမှုကူညီရေးအသင်းတွေက ယာဉ်တွေ ပူးပေါင်းပြီး ဖျာပုံဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။