မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်မှာ အမျိုးသားတဦးကို စစ်ကောင်စီ တပ်သားတွေက ဖေဖော်ဝါရီ ၁၄ ရက် ညမှာ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ သရဖီ ၅ လမ်းမှာနေတဲ့ ကိုဇော်မင်းကို ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်နဲ့ လာရောက်ပြီး PDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး နေအိမ်မှာပဲ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။
ဇေယျာသီရိရပ်ကွက်နေသူတဦးက “ကိုဇော်မင်းကို PDF နဲ့ပတ်သက်တယ်ဆိုပြီး အရပ်ဝတ်နဲ့ လာဖမ်းသွားတာ။ သူက PDF နဲ့ ပတ်သက်တယ်ဆိုပြီးတော့ ကျနော်တို့လည်း မကြားမိပါဘူး။ သူ့ကိုအရင်တုန်းကလည်း တခေါက်ဖမ်းသွားဖူးတယ်။ ကိုဇော်မင်းကို ပထမတော့ ဇေယျာသီရိ ရဲစခန်းကိုပဲ ခေါ်သွားတာ။ အခုဘယ်ကိုခေါ်သွားပြီး စစ်ဆေးနေလဲဆိုတာ မသိဘူး" လို့ ပြောပါတယ်။
ကိုဇော်မင်းဟာ ၂၀၂၁ အာဏာသိမ်းပြီးကာစက ရပ်ကွက်ထဲ ကင့်စောင့်နေချိန်ကလည်း စစ်ကောင်စီက ညမထွက်ရအမိန့်နဲ့ ဖမ်းဆီးခံရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ ခု နိုဝင်ဘာ ၁၄ ရက်ကလည်း မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက် ဇေယျာ ၃လမ်း တိုက်ခန်းမှာ နေထိုင်တဲ့ PDF နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး PDF ၇ ဦး ဖမ်းဆီးခံရခဲ့သလို ရဲ ၁ ဦးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ သေဆုံးခဲ့ပါတယ်။