အစ္စရေးရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ အမေရိကန်ဟာ ပါလက်စတိုင်းနိုင်ငံ ထူထောင်မယ့် အစီအစဉ် တွေကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ဝါရှင်တန်ပို့စ် သတင်းပေးပို့ချက် ထွက်လာပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ အစိုးရအဖွဲ့က ထိပ်တန်းဝန်ကြီးတွေဟာ ပါလက်စတိုင်းနိုင်ငံတော် ဖြစ်တည်မှုကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။
“အစ္စရေးတွေကို ဆန့်ကျင်ပြီး ဆိုးဆိုးရွားရွား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ပါလက်စတိုင်းသားတွေအတွက် ဒီလိုဆုမျိုး ထိုက်တန်တယ် ပြောလာရင် ဒီအစီအစဥ်ကို ကျနော်တို့ ဘယ်လိုမှ သဘောတူမှာမဟုတ်ဘူး” လို့ ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich က ပြောပါတယ်။
ဂျေရုဆလင်ကို သူ့မြို့တော်အဖြစ် ပါလက်စတိုင်းနိုင်ငံလို့ သတ်မှတ်မှာမျိုးကိုလည်း ကန့်ကွက်တယ်လို့ ဆိုပါတယ်။
ပါလက်စတိုင်းဟာ အောက်တိုဘာ ၇ ရက်က သက်သေပြခဲ့တဲ့အတိုင်း အစ္စရေးနိုင်ငံအတွက် တည်ရှိနေတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်တယ်လို့လည်း Smotrich က ပြောပါတယ်။
သူဟာ လုံခြုံရေးကက်ဘိနက်အဖွဲ့ကို တောင်းဆိုမှာဖြစ်ပြီး ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှုကို ဆန့်ကျင်တဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ရဖို့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ အစည်းအဝေးလုပ်ဖို့ စီစဉ်ထားကြောင်းလည်း ပြောဆိုပါတယ်။
ကြာသပတေးနေ့ ဝါရှင်တန်ပို့စ် သတင်းစာမှာ အမေရိကန်ဟာ ဒေသတွင်း စစ်ပြီးခေတ်မှာ အီဂျစ်၊ ဂျော်ဒန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာတာနဲ့ ဆော်ဒီအာရေဗျ အပါအဝင် အာရပ်နိုင်ငံတချို့နဲ့ လက်တွဲလုပ်ဆောင်နေပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအတွက် ခိုင်မာတဲ့ အချိန်ဇယားတခု ပါဝင်မှာဖြစ်ကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပါလက်စတိုင်းနိုင်ငံကို ကုလသမဂ္ဂရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်အသိအမှတ်မပြုတဲ့ ဘယ်လိုနိုင်ငံရေးအစပြုမှုမျိုးမဆို ကျရှုံးပျက်စီးဖို့ အဆုံးအဖြတ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ရက်ပေါင်း ၁၃၀ ကျော်အတွင်းမှာ အစ္စရေးဟာ ပါလက်စတိုင်းလူမျိုး ၂၈,၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး မြေပြင်၊ ဝေဟင်၊ ရေပြင် ထိုးစစ်တွေ မရပ်မနား လုပ်ဆောင်မှုအတွင်း ဂါဇာကမ်းမြောင် ဒေသအများစုကို ပြုန်းတီးပျက်စီးပြီး လူဦးရေ ၂ ဒသမ ၃ သန်းရဲ့ လူဦးရေ အများစုဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
Source/Photo-Reuters