ရုရှားမိသားစုတွေဟာ နိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ ဒါမှ မဟုတ် ရုရှားမှာ နေထိုင်တဲ့ လူမျိုးစုတွေအဖြစ် ရှင်သန်ရေးအတွက် အနည်းဆုံး ကလေးနှစ်ယောက် မွေးထုတ်ရမှာဖြစ်ပြီး ဒီထက်ပိုတဲ့ ဖွံ့ဖြိုးတိုးတက် ကြီးပွားဖို့ဆိုရင် ၃ ယောက်နဲ့အထက် မွေးဖွားရမယ်လို့ သမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ယူရာလ်စ်ဒေသမှာရှိတဲ့ တင့်ကားစက်ရုံက အလုပ်သမားတွေကို ပြောကြားခဲ့ပါတယ်။
မိသားစုတခုစီမှာ ကလေးတယောက်ပဲရှိရင် လူဦးရေ နည်းပါးသွားမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
မိသားစုအသေးစားတွေ အထူးသဖြင့် ကလေးငယ်တွေရှိတဲ့ မိသားစုတွေကို ပံ့ပိုးကူညီမှုက လုံးဝဦးစားပေး ဖြစ်တယ်လို့လည်း ပူတင်က ပြောပါတယ်။
ပူတင်ဟာ သူ့ကိုယ်သူ မိသားစု၊ လူမျိုးနဲ့ ရှေးရိုးခရစ်ယာန်ယုံကြည်ချက်ကို အခြေခံတဲ့ ရိုးရာတန်ဖိုးတွေကို ထောက်ခံသူအဖြစ် ကြေညာခဲ့ပါတယ်။
ရုရှားဟာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးက ယူကရိန်းစစ်ပွဲကို စတင်ခဲ့ပြီးနောက်မှာ အထိနာခဲ့ပေမဲ့ အသေအပျောက် ဘယ်လောက်ရှိတယ်ဆိုတာ ထုတ်ဖော်မပြောခဲ့ပါဘူး။
ရာထောင်နဲ့ချီတဲ့ ရုရှားနိုင်ငံသားတွေဟာ စစ်ကိုဆန့်ကျင်တာ သို့မဟုတ် စစ်တိုက်ဖို့ ဆင့်ခေါ်ခံရမှာကို ကြောက်ရွံ့ပြီးတော့ နိုင်ငံကနေ ထွက်ပြေးခဲ့ကြပါတယ်။
သူအာဏာရထားတဲ့ ၂၄ နှစ်တာ ကာလအတွင်း နိုင်ငံဟာ လိင်စိတ်တိမ်းညွတ်မှုနဲ့ ကျားမခွဲခြားမှုဆိုင်ရာ ဖော်ပြချက်တွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားပြီး LGBT လှုပ်ရှားမှုကို အစွန်းရောက်လုပ်ရပ်အဖြစ် ပိတ်ပင်ထားပါတယ်။
ရုရှားနိုင်ငံဟာ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ဆယ်စုနှစ် ၂ ခုအတွင်း တဖြည်းဖြည်း လူဦးရေကျဆင်းမှုကို ခံစားခဲ့ရပြီးတော့ အရက်စွဲခြင်းလိုမျိုး နာတာရှည်ပြဿနာတွေ ကြောင့်လည်း ပိုမိုဆိုးရွားလာပါတယ်။
နိုင်ငံ စာရင်းအင်းဗျူရိုဟာ ၂၀၂၃ ခုနှစ်အစက လူဦးရေ ၁၄၆ ဒသမ ၄ သန်းရှိကြောင်း ခန့်မှန်းထားပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးက ၁၄၉ သန်းနီးပါး အရေအတွက်ကနေ ကျဆင်းခဲ့တာပါ။
ဒါပေမဲ့ ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြားမှာ ၁၄၃ သန်းလောက် အရေအတွက် နိမ့်နေရာကနေ တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
Source/Photo-Reuters